၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတဝှမ်း စစ်ဘေးရှောင် ၄ သိန်းကျော်ရှိလာ၊ ကျပ်သန်း ၂၀၀ ကျော် NUG ကူညီထားဟုဆို

Author မင်းထက်
Categories
Published on Dec 01, 2023

ညီနောင်မဟာမိတ်သုံးဖွဲ့၏ အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ရှမ်းပြည်(မြောက်ပိုင်း) ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် နိုင်ငံတဝှမ်း စစ်ဘေးရှောင်ဦးရေ ၄ သိန်းကျော်အထိရှိလာပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

 

ထိုစစ်ဆင်ရေးအပြင် ကရင်နီ(ကယား)ဒေသက ၁၁.၁၁ စစ်ဆင်ရေးတို့အပါအဝင် ကချင်၊ ချင်း၊ ရခိုင်၊ မွန်၊ ကရင်ပြည်နယ်တို့နှင့် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူးနှင့် မန္တလေးတိုင်းတို့အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးတို့ကြောင့် အရပ်သားအမြောက်အမြား စစ်ဘေးရှောင်နေကြရသည်။

 

ထိုစစ်ဆင်ရေးများအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းမှ ၂၇၀,၀၀၀ ဦးနီးပါး၊ ရှမ်းမှ ၄၈,၀၀၀ နီးပါး၊ ကရင်နီ(ကယား)မှ ၄၀,၅၀၀ နီးပါး၊  အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်မှ ၁၁,၀၀၀ ကျော်၊ ရခိုင်ပြည်နယ်မှ ၉၄၀၀ ကျော်၊ မကွေးတိုင်းမှ ၉၁၀၀ ကျော်၊ မန္တလေးတိုင်းမှ ၇၅၀၀ နီးပါး၊ မွန်ပြည်နယ်မှ ၄၅၀၀ နီးပါး၊ ချင်းပြည်နယ်မှ ၃၉၀၀ နီးပါး၊ တနင်္သာရီတိုင်းမှ ၃၁၀၀ ကျော်၊ ပဲခူးတိုင်းမှ ၁၀၀၀ နီးပါး၊ ကရင်ပြည်နယ်မှ ၂၄၀ ဦးနှင့် ကချင်ပြည်နယ်မှ ၁၇၀ ဦးကျော် စုစုပေါင်း ၄၀၈,၀၀၀ ဦးခန့်သည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအရပ်သားပြည်သူများအတွက် အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၃၀  ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ကျပ်သန်း ၂၂၀ နီးပါးကို ဒေသအသီးသီးသို့ ခွဲဝေ ထောက်ပံ့နိုင်ခဲ့ကြောင်း ထိုဝန်ကြီးဌာနက ဆိုသည်။

 

လူစာနာနှင့် ဘေးစီမံဝန်ကြီးဌာနသည် မီဇိုရမ်ဒေသသို့ စစ်ဘေးရှောင်ကြရသည့်ပြည်သူများအပါအဝင် ပြည်နယ်နှင့် တိုင်း ၁၃ ခုမှ စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း မြန်မာတပြည်လုံး၌ စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ ပြည်သူလူထုအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့် လေကြောင်းရန်နှင့် လက်နက်ကြီးရန် အသိပညာဖြန့်ဖြူးခြင်း၊ ဗုံးခိုကျင်း၊ ကတုတ်ကျင်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ အိမ်ထောင်စုအလိုက် ကြိုတင်ပြင်ဆင်ခြင်းများကို ပြုလုပ်ထားရမည်ကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုးကြားသတိဖြင့် တစ်ဦးချင်း၊ မိသားစု၊ ရပ်ရွာကို ထိခိုက်မှုနည်းအောင် အကာအကွယ်ပေးခြင်းဖြင့် နွေဦးတော်လှန်ရေးကြီးတွင် ပါဝင်ကြရန် NUG ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတွင်း တိုက်တွန်းထားသည်။