ရေဇွာမြို့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၇) ဦးအား အရှင်ဖမ်းမိ ၊ ချင်းတပ်ဖွဲ့များဘက်မှ ရဲဘော် သုံးဦး ကျဆုံး

Author လင်းနွေဦး
Categories
Published on Nov 30, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ ရေဇွာမြို့ တပ်စခန်းအား ချင်းကာကွယ်ရေး တပ်ဖွဲ့များမှ ယမန်နေ့ မနက် (၁၀)နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း CDF-Zotung မှ ထုတ်ပြန်သည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်မှ တပ်သား (၃၇) ဦးနှင့် အတူ တပ်သား တစ်ဦးနှင့် ဆက်နွယ်သော မိသားစုဝင်အဖြစ် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦးတို့အားလက်ရဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအမြောက် အမြားလည်း သိမ်းဆည်းရမိကြောင်း CDF-Zotung မှ ဆိုသည်။

သိမ်းဆည်းရမိသော လက်နက်များမှာ MA-1 (၂၄)လက် ၊ MA-4 (၂)လက်၊ MA 3 (၈)လက်၊ ငါးကြင်းမြီး စက်လက်ငယ် တစ်လက်၊ RPG 7 တစ်လက်၊ 60 မမ ပြောင်း(၂) လက်၊ 80 မမ ပြောင်း တစ်လက်၊ ကျည်ဘောက် အမျိုးမျိုး၊ 5.56 mm နှင့် 7.62 mm ကျည်အမြောက်အမြား၊ RPG ဗုံးသီး (၇)လုံး၊ 60 မမ နှင့် 80 မမ ဗုံးသီး အလုံး (၁၀၀)ခန့် ၊ အီနာဂါ အလုံး(၂၀)ဝန်းကျင်၊ စက်သေနတ်ကျည် တွဲ (၂)တွဲ ၊ ၇၉ သီးများ၊ ဆက်သွယ်ရေးစက်နှစ်လုံး၊ လွှစက်တစ်စက် နှင့် စစ်အသုံးအဆောင် မြောက်​မြားစွာတို့ပါဝင်သည်။

 

ရေဇွာတပ်စခန်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ “ZZLMS Operation” အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး CNA နှင့်အတူ ဒေသ ကာကွယ်ရေးတပ်များဖြစ်သည့် CDF-Zotung ၊ CDF-Matupi B2 ၊ CDF-Mara ၊ CDF-Lautu ၊ CDF-Zophei ၊ CDF – Senthang၊ CDF-Thantlang ၊ CDF Hualngoram တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

 

တိုက်ပွဲအတွင်း CDF-Lautu မှ ရဲဘော် David Thang၊ CDF- Mara မှ ရဲဘော် Bawi Za Mang နှင့် CDF-Zotung မှ ရဲဘော် San Law Thang တို့ ကျဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။