မုံရွာမှထွက်လာသော စစ်ကောင်စီကားတစ်စီးအား နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်

Author မင်းထက်
Categories
Published on Nov 30, 2023

စစ်ကိုင်းတိုင်း ၊ မုံရွာ-ချောင်းဦးလမ်းပိုင်း တစ်နေရာတွင် စစ်ကောင်စီ ကားတစ်စီးအား မိုင်း ၁၀ လုံးအသုံးပြု၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ  ထွက်လာသော စစ်ကောင်စီ Jammer တစ်စီးအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ နို၀င်ဘာလ ၂၉ ရက်နေ့  နေ့လယ်၂ နာရီ အချိန်တွင် ပဒေသာမိုင်းကြီး ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

“မုံရွာ နမခက ထွက်လာတော့ ကျွန်တော်တို့ဘက်ကို ၂ နာရီမှာ ရောက်တော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ပြီးတော့ ခင်မွန်ဘက်စုံထဲကို ကားက ထိုးထားတာပါ။မနက်လင်းတော့မှ ချောင်းဦးမြို့ထဲကို၀င်တာပါ ချောင်းဦးမြို့ထဲ၀င်ခါနီးမှာ နောက်တစ်ပွိုင့် ထပ်ဆွဲခဲ့ပါသေးတယ်” ဟု BHA မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

၄င်း Jammerကားကို နံနက် ၆ နာရီ ၂၃ မိနစ်အချိန်၌ ချောင်းဦးမြို့အ၀င် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်းကြီး ငါးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားပျက်စီးကာ ၊ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့လာချက်သိရကြောင်း BHA မှ တာ၀န်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရ​သည်။

 

အဆိုပါ တိုက်ခိုက်မှုကို  Brave Heart Army-BHA အဖွဲ့သားများမှ ဉီးဆောင်၍ CHINDWIN FIGHTER GROUP- CFG အဖွဲ့သားများနှင့် လက်တွဲညီညီ တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ တိုက်ခိုက်ပြီးနောက် အန္တရယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။