တန့်ဆည်ရှိ ရွာရှည်(မ)ရွာ ရှိ ဆေးရုံနှင့်စာသင်ကျောင်းကို စစ်ကောင်စီတပ်ဗုံးကြဲ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ ရွာရှည်(မ)ရွာကို စစ်ကောင်စီတပ်မှ ညသန်းခေါင်ကျော်အချိန် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျေးရွာစာသင်ကျောင်းနှင့် ဆေးရုံတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ရွာရှည်(မ)ရွာကို စစ်ကောင်စီတပ်မှ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်း ၁နာရီ ၄၅ မိနစ်ဝန်းကျင်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
“စာသင်ကျောင်းတစ်ခုပဲ အပျက်စီးများတာပါ။လူအထိအခိုက် ဘာညာမရှိဘူး။ ကျောင်းနားကအိမ်တွေ မှန်တံခါးတွေပါကွဲတာ၊ ဆေးရုံကိုချတာ ရဲဘော်လူနာတွေ ရှိနေတယ်ဆိုပြီး”ဟု ရွာရှည်(မ)ရွာ ဒေသခံတစ်ဦးက ဆိုသည်။
ထိုဗုံးကြဲမှုအတွင်း လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပြီး အသေးစိတ်အခြေအနေများကို မသိရှိရသေးပေ။
တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်ခဲ့သည်။