အသံချဲ့စက်များနှင့် ဆူညံကခုန်နေသည့် ညောင်တုန်းမြို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲအား စစ်ကောင်စီမှ သေနတ်ပစ်ဖောက် လူစုခွဲ

Author ဂျွန်နသန်
Categories
Published on Nov 30, 2023

ဧရာဝတီတိုင်း ညောင်တုန်းမြို့တွင် နိုဝင်ဘာလ ၂၉ရက်နေ့ ညပိုင်းတွင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲလှည့်လည်စဉ် အသံချဲ့စက်များဖွင့်လှစ်ကာ အော်ဟစ်ကခုန်နေသည့် လူစုအား စစ်ကောင်စီတပ်မှ သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

တန်ဆောင်တိုင်ဘုရားလှည့်ပွဲတော် ဒုတိယညအဖြစ် လှည့်လည်ခဲ့ခြင်းဖြစ်ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားများအား ယာယီစံနန်းသို့ ပြန်လည် ပင့်ဆောင်ပြီးခဲ့သော်လည်း ဖျော်ဖြေရေးအဖွဲ့မှာ အမှတ်(၆) ရပ်ကွက် ညောင်တုန်းမြို့ထိပ်တွင် အသံချဲ့စက်များဖြင့် ဆက်လက်ဖျော်ခဲ့ရာ ဒေသခံအချို့မှ အော်ဟစ်ကခုန်ခဲ့သည်။

 

ဖျော်ဖြေရေးအဖွဲ့သည် နိုဝင်ဘာလ ၃၀ရက်နေ့ မနက်အစောပိုင်း ၁နာရီခန့်ထိ အော်ဟစ်ကခုန်နေသဖြင့် စစ်ကောင်စီတပ်မှ သေနတ်နှစ်ချက် ပစ်ဖောက်ကာ လူစုခွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

” ပြန်ရောက်လာထဲက ဆူညံကခုန်နေကြတာ ဘယ်လိုမှအိပ်မရဘူး ၁ ချက်ခွဲ (၁ နာရီခွဲ) ကျတော့ သူ့တို့ပထွေးရဲ့ သေနတ်သံ လည်းကြားရော မီးရေနဲ့ငြိမ်းလိုက်တာကမှကြာအုံးမယ် ချက်ချင်း ကြက်ပျောက်ငှက်ပျောက်ပဲ ဘယ်သူ့မှ အားနာရကောင်းမှန်း မသိတဲ့ကောင်တွေ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးမှ CJ Platform သို့ပြောသည်။

 

ဘုရားလှည့်လည်ပွဲအတွင်း ခိုက်ရန်ဖြစ်ပွားကာ ဓားထိုးမှုဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးပြီး ဘုရားပွဲ မကျင်းပမီ ပြင်ဆင်နေသည့် အချိန်တွင်လည်း မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

 

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်သည် ညောင်တုန်းမြို့၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် စစ်ကောင်စီမှ ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေများ တောင်းခံကာ ကျင်းပစေခဲ့သည့် ပွဲတော်တစ်ခုဖြစ်သည်။