ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင်ဒဏ် (၁၀) နှစ် အမိန့်ချမှတ်ခံရ ၊ စွဲဆိုထားသည့် ပုဒ်မများအတွက် အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်

Author CJ Platform
Categories
Published on Nov 29, 2023

သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပြန်ကြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးရဲထွဋ်ကို ယနေ့ နံနက်ပိုင်းတွင် အင်းစိန်ထောင်တွင်း တရားရုံး၌ အလုံခရိုင်တရားသူကြီးက ပုဒ်မ ၁၂၄- ဃ အတွက် ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၅၀၅ (က)  အတွက် ထောင်ဒဏ် (၃) နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ စစ်ကောင်စီထောက်ခံသူ အကောင့်များတွင် ဖော်ပြချက်များအရ သိရသည်။

 

ဦးရဲထွဋ်သည် ၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် လူမှုကွန်ရက်စာမျက်နှာပေါ်များ၌ စစ်တပ်ကို ဝေဖန်သည့် အကြောင်းအရာများတင်ခြင်း၊ တော်လှန်ရေး အင်အားစုများကို သွယ်ဝိုက်ထောက်ခံသည့် အကြောင်းအရာများတင်ခဲ့‌သည်။

 

ထိုသို့ ပြုလုပ်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၈) တွင် မဟုတ်မမှန်သတင်းများ။ ရေးသားဖြန့်ဝေခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့်  စစ်ကောင်စီက တရားလိုပြုလုပ်၍ ပုဒ်မ (၅၀၅) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းလည်းဖြစ်သည်။

 

ဖမ်းဆီးခံရပြီး တစ်လကျော်အကြာတွင်မှ အင်းစိန်ထောင်တွင်းတရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကနဦး စွဲချက်တင်ခံထားရသည့် ပုဒ်မ ၅၀၅(က) အပြင် ပုဒ်မ ၁၂၄- ဃ ဖြင့်ပါ ထပ်တိုးစွဲဆို၍ နှစ်မှုပေါင်းအတွက် ထောင်ဒဏ် (၁၀) နှစ် အမိန့်ချမှတ်ခံရခြင်းလည်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေ ဆိုသည့် ထုတ်ပြန်ချက်တွင် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ဃ သည် “မည်သူမဆို တပ်မတော်သားများ သို့တည်းမဟုတ် အစိုးရ အရာထမ်းအမှုထမ်းများအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကျေပြွန်စွာ မထမ်းဆောင်စေရန် တစ်နည်းနည်းဖြင့် ဟန့်တားခြင်း၊ သို့တည်းမဟုတ် နှောက်ယှက်ခြင်းကိုပြုလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ဖော်ပြထားသည့်အတွက် ဦးရဲထွဋ်ကို အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်ထိ ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

 

ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်တွင်ပင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ကို

” မည်သူမဆို

(က) အများပြည်သူတို့အား သို့တည်းမဟုတ် ပြည်သူတစ်စုအား အထိတ်တလန့်ဖြစ်စေလျှင် သို့တည်းမဟုတ် ထိတ်လန့်စေရန် ကြံရွယ်လျှင်

 

(ခ) မမှန်ဟု သိလျက်နှင့် သို့တည်းမဟုတ် မမှန်ဟုယုံကြည်လောက်အောင် အကြောင်းရှိလျက်နှင့် မမှန်သတင်းကို ဖြန့်ဝေလျှင် သို့တည်းမဟုတ် ဖြန့်ဝေ စေရန် ကြံရွယ်လျှင်

 

(ဂ) အစိုးရအရာထမ်းအမှုထမ်းများကိုဖြစ်စေ၊ အစိုးရ အရာထမ်းအမျိုးအစားတစ်ခုကိုဖြစ်စေ၊ အစိုးရအရာထမ်းအမှုထမ်းတစ်ဦးတစ်ယောက်ကိုဖြစ်စေ ရာဇဝတ်ပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှုကိုကျူးလွန်စေရန် သို့တည်းမဟုတ် လှုံ့ဆော်ရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်လျှင် သို့တည်းမဟုတ် ထိုသို့ကျူးလွန်စေရန် ကြံရွယ်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ဟု ဖော်ပြထားသည့်အတွက် ယခု ပုဒ်မအတွက်လည်း အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

 

ဦးရဲထွဋ်သည် စစ်တက္ကသိုလ် အပတ်စဉ် (၂၂) ဆင်းဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဖြစ် အငြိမ်းစားယူပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

 

ထို့နောက် ယခင်ဝန်ကြီး ဦးကျော်ဆန်းနှင့် ဒုတိယဝန်ကြီးများအား အခြားဝန်ကြီးဌာနများသို့ ပြောင်းလဲတာဝန်ပေးအပ်ခြင်း ခံရသောအခါ ဦးရဲထဋ်သည် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။ ၂၀၁၄ ဩဂုတ်လ ၃၀ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ဝန်ကြီး ဖြစ်လာကာ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတ ဦးသိန်းစိတ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးတာဝန်အပြင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ၂၀၁၃ မှ ၂၀၁၆ အထိ တာဝန်ယူခဲ့သူလည်းဖြစ်သည်။