ရွှေပြည်အေးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု NUG ထုတ်ပြန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များသိမ်းယူနိုင်ခဲ့သည့်မြို့ (၃) မြို့အထိရှိလာ

Author အဂ္ဂ
Categories
Published on Nov 28, 2023

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ ရွှေပြည်အေးမြို့ကို နိုဝင်ဘာ (၂၂) ရက် ညနေ ‌(၆) နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

NUG- MOD ၏ ယခင် ထုတ်ပြန်ချက်များအရ နိုဝင်ဘာ (၆) တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်းမြို့၊  နိုဝင်ဘာ (၇) တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီဟု ဖော်ပြထားသည့်အတွက် ယခုဆိုလျှင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တော်လှန်ရးရေးမဟာမိတ် ပူးပေါင်းတပ်များ သိမ်းယူနိုင်ခဲ့သည့် မြို့ (၃) မြို့အထိရှိလာပြီဖြစ်သည်။

 

ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲသည် နိုဝင်ဘာ (၂၁) မနက် (၆) နာရီမှ နိုဝင်ဘာ (၂၂) ညနေ(၆) နာရီအထိ တစ်ရက်ခွဲနီးပါး ကြာမြင့်ခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၈) ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု NUG-MOD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး‌ရေးကောင်စီ (နအဖ) လက်ထက်တွင် စစ်ကိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်သာအေးက ကျေးရွာအဆင့်မှ မြို့သစ်အဖြစ်ပြောင်းတည်ပေးခဲ့သည့် ရွှေပြည်အေးမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ကာ ရက်အနည်းငယ်အချို့မြို့ကိုထိန်းထားနိုင်ခဲ့သေးသည်။ ထို့အပြင် ဖေဖော်ဝါရီ (၃) ရက်နေ့တွင်လည်း စစ်ကောင်စီ၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့သေးသည်ဟုလည်း သိရသည်။ ထိုနောက်ပိုင်းတွင် မြို့ကိုပြန်လည်လက်လွှတ်လိုက်ရကာ နိုဝင်ဘာ (၂၂) တွင်မှ တစ်ဖန် ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ခရိုင်အဆင့်ရှိ မြို့တစ်မြို့ဖြစ်သည့် ကောလင်းမြို့ကိုလည်း ပူးပေါင်းတပ်ဖွဲ့များက  နိုဝင်ဘာ (၃) ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာ (၆) ရက်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဟု NUG-MOD က ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ တိုက်ပွဲတွင် လက်နက်မျိုးစုံ (၅၄) လက်အပါအဝင်၊ လက်နက်ခဲယမ်းအမြောက်အမြား၊ ရုံးကိစ္စ စာရွက်စာတမ်းများအပြင်၊ ကောလင်းမြို့ရှိ ဘဏ်မှ ကျန်သန်းပေါင်း (၉၅၀) ကျော်ကိုပါ သိမ်းဆည်း ရမိခဲ့သည်ဟုလည်း ဆိုသည်။ စစ်သုံ့ပန်းဖမ်းဆီးရမိမှုများရှိသည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပါ။

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကိုလည်း နိုဝင်ဘာလ (၃) ရက်မှ စတင်၍ ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ နိုဝင်ဘာ (၇) တွင် အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်နိုက်ခဲ့ပြီဟု NUG- MOD ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

ခမ်းပတ်မြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေသည်ဟုသာ ဖော်ပြထားပြီး သိမ်းဆည်းရမိသည့် လက်နက်အခြေအနေ၊ စစ်သုံ့ပန်းရှိမရှိ စသည့်အချက်အလက်များကို NUG-MOD က ယခုအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

 

နိုင်ငံတဝှမ်းရှိ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီသည်များစွာ အထိနာလျက်ရှိပြီး NUG-MOD ၏ ယနေ့ ထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူနိုင်သည့် မြို့ (၃) မြို့အထိ ရှိနေပြီဖြစ်သလို ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ချင်းရွှေဟော်၊  ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ၊ နမ့်ခမ်း စသည့် ရှမ်းမြောက်တခွင်ရှိ မြို့ (၇) မြို့ကို သိမ်းယူထားနိုင်ခဲ့ပြီဆိုသည်ကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

 

အလားတူပင် နိုဝင်ဘာ (၁၁) ရက်နေ့မှစတင်ကာ ကရင်နီပူးပေါင်းတပ်ဖွဲ့များက (၁၁.၁၁) စစ်ဆင်ရေးဆင်နွဲနေသည့် ကရင်နီပြည်တွင်လည်း မယ်စဲ့မြို့ဒေသ အားလုံးနီးပါးကို စစ်ကောင်စီက လက်လွှတ်ထားရသလို ပြည်နယ်မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့တော်ကို သိမ်းယူနိုင်ရေးအတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အဆိုပါတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်ဟုလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၏ ထုတ်ပြန်ချက်များအရသိရသည်။