စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် ရိုးမဘဏ်မှ ပြည်သူများထံ ထုတ်ချေးထားသည့် ချေးငွေများအား အတင်းအကြပ် ပြန်လည်တောင်းခံနေ

Author စကားဝါ
Categories
Published on Nov 28, 2023

စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် ရိုးမဘဏ်မှ ပြည်သူများထံ ထုတ်ချေးထားသည့် ချေးငွေများအား သတ်မှတ် သက်တမ်းမတိုင်မီ အတင်းအကြပ် ပြန်လည် တောင်းခံမှုများ လုပ်ဆောင်နေကြောင်း ချေးငွေပြန်လည် တောင်းခံခြင်းအား ကြုံတွေ့ခဲ့ရသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

 

“ချေးငွေက သက်တမ်းမပြည့်သေးဘူး နှစ်ကုန်မှ ချေးငွေသက်တမ်းပြည့်မှာ၊ ဒါကလည်း ဆက်ပြီးတော့ ချေးယူချင်ရင်ရတယ်၊ အခုက မဖြစ်မနေကို ပြန်ပေးရမယ်ဆိုပြီးတော့ အတင်းတောင်းနေတယ်၊ ဘဏ်ဝန်ထမ်းတွေက လက်မှတ်လာထိုးခိုင်းတယ်”ဟု ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

ရိုးမဘဏ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီးဖြစ်သူ ပိုင်ဆိုင်သော Pinnacle Asia မှ Mytel တာဝါတိုင်များ ဆောက်လုပ်ရန်အတွက် ၂၀၂၀ခုနှစ် တွင် ကျပ် ၁ဒဿမ၈ ဘီလီယံထိ ထုတ်ချေးထားကြောင်း Justice For Myanmar မှ ထုတ်ဖော်ထားသည်။ Justice For Myanmar မှ ထုတ်ဖော်မှုအပြီးတွင် ရိုးမဘဏ်၏ ရှယ်ယာ ၄ဒဿမ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)သည် ရိုးမဘဏ်တွင် ရင်းနှီးမြုပ်နှံထားသည်များကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

“ကျွန်တော်တို့က ချေးငွေမဆပ်ချင်လို့ မဟုတ်ဘူး၊ ဒီကောင်တွေက စစ်တပ်နဲ့ ပတ်သက်တာမို့ ကျွန်တော်တို့က အဆုံးသတ်တိုက်ပွဲမှာ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေနဲ့ အဆိပ်ပင်ရေမလောင်းချင်လို့ပါ၊ ကျွန်တော်တို့ အစိုးရပြန်တက်လာရင် ဒီချေးငွေတွေ ပြန်ပေးဆပ်မှာပါ”ဟု အဆိုပါ လုပ်ငန်းရှင်မှ ဆက်လက်ပြောသည်။

 

ရိုးမဘဏ်ပိုင်ရှင်ဖြစ်သူ ဦးသိမ်းဝေသည် စစ်ကောင်စီနှင့် အလွန်နီးစပ်သူဖြစ်ပြီး စစ်ကောင်စီမှ ရောင်းချသည့် ငွေတိုက်စာချုပ်များအား ကျပ်သန်းပေါင်း တစ်ထောင်ကျော်အထိ လေလံဝယ်ယူခဲ့သူဖြစ်သည်။ ဦးသိမ်းဝေပိုင် ရိုးမဘဏ်သည် ၁၉၉၃ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၃ခုနှစ်တွင် သတ်မှတ်စည်းကမ်းများ ချိုးဖောက်မှုကြောင့် ငွေထုတ်ချေးခြင်းနှင့် ငွေအပ်လက်ခံမှုများကို ကန့်သတ်ခံရပြီး ၂၀၁၂ခုနှစ်တွင်မှ ဘဏ်လုပ်ငန်းအလုံးစုံအား ပြန်လည်လုပ်ခွင့်ရရှိခဲ့သည့် ဘဏ်တစ်ခုဖြစ်သည်။

 

ရိုးမဘဏ်၏ မြစ်ကြီးနားဘဏ်ခွဲသည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် ယာယီပိတ်သိမ်းထားခဲ့ရပြီး ယင်းသို့ ပိတ်သိမ်းရခြင်းမှာ အင်တာနက် အခက်အခဲများကြောင့် ဖြစ်သည်ဟု ရိုးမဘဏ်မှ ကြေညာထားသည်။

 

ဦးသိမ်းဝေသည် ရန်ကုန်မြို့လယ်ရှိ မြန်မာ့မီးရထားရုံးချုပ်ဟောင်း မြေနေရာတွင် အမေရိကန်ဒေါ်လာ သန်းခုနှစ်ရာကျော် တန်ကြေးရှိသည့် စျေးဝယ်စင်တာနှင့် အဆင့်မြင့်အိမ်ရာ တည်ဆောက်ရေးစီမံကိန်းအတွက် လုပ်ငန်းလုပ်ဆောင်ခွင့် ရရှိထားသူလည်းဖြစ်သည်။