အမျိုးသမီးများနှင့် ရာသီပန်း

Published on Nov 27, 2023

အမျိုးသမီးများ၏ လစဉ် ဓမ္မတာစက်ဝန်းမူမမှန်ခြင်း ၊ထိန်ခြင်း အ‌ကြောင်းများနှင့် ပုံမှန် ရာသီလာမည့်အချိန် မလာသည့်အခါ ဖြစ်ပေါ်တတ်သည့် အမျိုးသမီးရောဂါများ အကြောင်းကို CJ platform၏ သိစေချင်လို့ ကဏ္ဍမှ ဖော်ပြအပ်ပါသည်။

 

ရာသီထိန်ခြင်း၊ဓမ္မတာ မူမမှန်ခြင်း ဆိုတာဘာလဲ။

 

ရာသီထိန်ခြင်း ဓမ္မတာ မူမမှန်ခြင်းများသည် အမျိုးသမီးများ၏ အသက် ၁၁ နှစ်နှင့် ၁၄ နှစ်ကြား အရွယ်တွင် အပျိုဖော်ဝင်တတ်ကြပြီး  ယင်းအချိန်မှစတင်ကာ လုံးဝ ရာသီသွေးမလာခြင်းကို (primary amenorrhoea ) ဟုခေါ်ပြီး လစဉ် ပုံမှန်ရာသီသွေးပေါ်နေရာမှ ရာသီသွေး ဆက်တိုက် သုံးလနှင့် အထက် မပေါ်ခြင်းကို ရာသီထိန်ခြင်း (secondary amenorrhoea )ဟု နှစ်မျိုး၂စား ထပ်ခွဲခြားထားသည်။

 

အပျိုဖော်ဝင်စအချိန်  ရာသီသွေး မပေါ်ရခြင်း အကြောင်းအရာများမှာ

၁။ မွေးရာပါ သားအိမ်တည်ဆောက်ပုံမမှန်ကန်ခြင်း

၂။ မိန်းမကိုယ် အမြှေးပါး ထူပြီး ပိတ်နေခြင်း

၃။ မွေးရာပါ အရေးကြီး မျိူးပွါးအင်္ဂါအစိတ်အပိုင်းများ ပါမလာခြင်း

များကြောင့် ဖြစ်ပေါ်တတ်သည်။

 

သဘာဝအတိုင်း ရာသီထိန်ခြင်း ရောဂါအခြေအနေနှင့် သဘာ၀အတိုင်း ရာသီထိန်ခြင်း မဟုတ်သည့် ရောဂါအခြေအနေများမှာ-

၁။ ကိုယ်ဝန်ရှိချိန်

၂။ ကလေး နို့တိုက်နေချိန်

၃။ မီးယပ်သွေးဆုံးချိန် တို့ဖြစ်သည်။

 

သဘာဝအတိုင်း ရာသီထိန်ခြင်းမဟုတ်သည့် အခြေအနေများမှာ-

၁။ တားဆေးများ ထိုးခြင်း၊ သောက်ခြင်း

၂။ စိတ်ကျဆေး ၊ကင်ဆာဆေးသွင်းခြင်း၊ သွေးကျဆေးအချို့ အစရှိသည့် ဆေးများမှီဝဲခြင်း

၃။ ကိုယ် အလေးချိန် ရုတ်တရက် ကျခြင်း၊

၄။ လေ့ကျင့်ခန်း အပြင်းအထန်ပြုလုပ်ခြင်း

၅။ စိတ်ဖိစီးမှုများခြင်း

၆။ သားအိမ်ရေအိတ်တည်ခြင်း (polycystic ovarian syndrome)

၇။ လည်ပင်းကြီး ရောဂါ အဆိပ်ဓာတ်များခြင်းတို့ကြောင့် ရာသီထိန်ခြင်း ၊ဓမ္မတာမူမမှန်ခြင်းများ ဖြစ်ပေါ်သည်ဟု ဆေးပညာရှင်များက ဆိုသည်။

 

ရာသီထိန်ခြင်း၏ နောက်ဆက်တွဲ ရောဂါများ

 

ရာသီထိန်ခြင်း၏ နောက်ဆက်တွဲ ရောဂါလဏ္ခာများမှာ ဆံပင်ကျွတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ အသားအရေ ခြောက်ခြင်း၊ ကလေးမရနိုင်တော့ဘဲ မြုံခြင်း၊ အရိုးပွခြင်းတို့ ဖြစ်စေတတ်ပြီး အမျိုးသမီး ဓမ္မတာဆိုင်ရာ မူမမှန်ခြင်းကြောင့် နောက်ဆက်တွဲ ရောဂါများစွာ ဖြစ်ပွားစေနိုင်သည်။ အကြိမ်ကြိမ်ရာသီ သွေးဆင်းခြင်း၊ ပုံမှန်ဓမ္မတာလာခြင်းထက် ပိုကြာခြင်း၊ ရာသီစက်ဝန်း အလယ် အချိန်တွင် အနည်းငယ် သွေးဆင်းခြင်း၊ ပုံမှန်မဟုတ်ဘဲ အစာအိမ် ကြွက်သားများ နာကျင်ခြင်း စသည့် လက္ခဏာများကို ခံစားလာရပါက နားလည်တတ်ကျွမ်းသည့် သားဖွားမီးယပ်ဆရာ၀န်များနှင့် တိုင်ပင်ကာ ဆေးကုသမှုအမြန်ဆုံး ခံယူရန် လိုအပ်သည်။

 

ရာသီထိန်ခြင်းကို ဘယ်လိုကြိုတင် ကာကွယ်ထားလို့ရလဲ။

 

ရာသီသွေး လစဉ်မှန်စေရန်  စိတ်ဖိစီးမှု လျော့ချခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ အားရှိသော အစားအစာများစားခြင်း ၊အိမ်ထောင်မရှိ သော အမျိူးသမီးများသည် ရာသီသွေး သုံးလနှင့် အထက် မပေါ်ပါက တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ကုသခြင်းများ လုပ်ဆောင်သင့်သည်။

 

အပျိုဖော်ဝင်စ မိန်းကလေးများ အနေနှင့် ပိန်လွန်းခြင်း၊ဝလွန်းခြင်းများကြောင့် အခြားမိန်းကလေးငယ်များနှင့်မတူပဲ ဓမ္မတာလာခြင်း နောက်ကျလေ့ရှိကြသည်။ သာမန် နောက်ကျခြင်းထက် ပိုမိုလာပါက မွေးရာပါမျိုးပွားအင်္ဂါ ချွတ်ယွင်းခြင်းရှိမရှိ၊ သိုက်ရွိုက်ဟော်မုန်းမူမမှန်‌ရောဂါ၊ ဦးနှောက် အကျိပ်ရောဂါ၊လိင်နှင့် ပတ်သက်သည့် ခရိုမိုဇုန်းရောဂါနှင့် အခြားသော ရောဂါများ ရှိမရှိ စစ်ဆေးသင့်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သင့်သည်။

 

သားအိမ်သည် အမျိုးသမီးများအတွက် သဘာဝမှ ပေးသည့် အကောင်းဆုံးလက်ဆောင် ဖြစ်ခြင်းကြောင့်  မိမိကိုယ်ကို ကြိုတင်ကာကွယ် စောင့်ရှောက်ပေးကြရန်အတွက် ရည်ရွယ်၍ ဖော်ပြအပ်ပါသည်။