ရှမ်းမြောက်နှင့် ရခိုင်တို့တွင် စစ်ရေးတင်းမာနေပြီး ရည်မှန်းချက်များကို ဆက်လက်အကောင်အထည် ဖော်ရန်အတွက် စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဟု ညီနောင်သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Nov 26, 2023

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည်မှာ တစ်လနီးပါးရှိလာပြီဖြစ်ပြီး ရှမ်းပြည်(မြောက်) တခွင်နှင့် ရက္ခိုင်ပြည်တို့တွင် ဟန်ချက်ညီ စစ်ဆင်ရေးများ တစ်ရက်ပြီး တစ်ရက် ဆင်နွှဲနေသလို ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို ဆက်လက်အကောင်အထည် ဖော်ရန်အတွက်  စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဖြစ်သည်ဟု ညီနောင်သုံးဖွဲ့က ယမန်နေ့ (နိုဝင်ဘာ ၂၅) ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၃၀) ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့တွင်လည်း ကိုးကန့်ဒေသရှိ ကျင်းစန်းကျော့ နယ်စပ်ဂိတ်ကို အပြီးသတ် သိမ်းယူနိုင်ခဲ့သလို နန့်စလပ်ဒေသရှိ စစ်ကောင်စီ တပ်ရင်းကြီး (၅၆၇) ၊ (၅၆၈) တပ်စခန်း (၂) ခုကိုလည်း  ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ပူးပေါင်းတပ်များက နိုဝင်ဘာ (၁၉) ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့ကာ ခြောက်ရက်ကြာပြီးနောက် နိုဝင်ဘာ (၂၄) တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများစွာဖြင့် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

 

အ‌ဆိုပါ တိုက်ပွဲများအတွင်း သံချပ်ကာကားတစ်စီး၊ ဟောင်ဝစ်ဇာအမြောက် နှစ်လက်၊ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီဘက်က (၁၆) ဦးသေဆုံးကာ စစ်သုံးပန်း (၃၁) ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

 

နန့်စလပ်ရှိ ထိုစခန်းကုန်းနှစ်ခုသိမ်းယူပြီးနောက် ညီနောင်မဟာမိတ်တပ်များက နန့်စလပ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို စစ်ဆင်ရေး (၁) လတာကာလအတွင်း ကိုးကန့်အထူးဒေသ (၁) သည် ကိုးကန့်လူမျိုးတို့ လက်ထဲရောက်ရှိရန် လက်တစ်လှမ်း အလိုသို့ ရောက်ရှိနေပြီး ကိုးကန့်လူမျိုးတို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် ” လောက်ကိုင်မြို့သိမ်း” တိုက်ပွဲသည်လည်း မကြာမီ လာတော့မည် ဖြစ်သည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

 

ထို့အပြင် တအာင်းတပ်မတော်(TNLA) လှုပ်ရှားရာ စစ်ဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ယမန်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်ရာ စခန်းသစ်ကုန်းကို တအာင်းတပ်မတော်(TNLA) က ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီ၏ Y12 တိုက်ခိုက်ရေးယာဉ် (၂) ကြိမ် လာရောက်ကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၇၀) ကျော် ပြုလုပ်ခဲ့ပြီး အဆိုပါ စခန်းအတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာများ လာချခဲ့သည်ဟုလည်း ဆိုသည်။

 

တအာင်းတပ်မတော်(TNLA) သည် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ (၂၇) မှ နိုဝင်ဘာ (၂၄)ရက်အထိ သီတင်းလေးပတ်ကြာ တိုက်ခိုက်ပြီးနောက် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကာ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၈)လက်၊ ကျည်ပေါင်းများစွာ၊ ရန်သူအလောင်းမြုပ်နှံ့ထားသည့်နေရာ (၅၀)ကျော် နှင့် စစ်သုံးဆောင်ပစ္စည်းများစွာကိုပါ သိမ်းယူရရှိနိုင်ခဲ့သည်ဟု တအာင်းတပ်မတော်(TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့တွင်ပါဝင်သည့် ရက္ခိုင့်တပ်တော်(AA) ခြေကုပ်ယူထားရာ ရက္ခိုင်ပြည်တွင်လည်း တစ်နှစ်နီးပါး စစ်ကောင်စီနှင့် အပစ်ရပ်စဲထားရာမှ နိုဝင်ဘာ (၁၃) ရင်နေ့မှ စတင်ကာ တကျော့ပြန်စစ်ပွဲများ ဖြစ်ပွားပြီး တိုက်ပွဲများပြင်းထန်နေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

 

စစ်ဆင်ရေး (၃၀) ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့ တွင်လည်း ရက္ခိုင်ပြည်၊ မောင်တော မြို့နယ်၊ ကိုင်းကြီးစခန်းအနီး၌ စစ်ကောင်စီ၏ နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို ရက္ခိုင့်တပ်တော်(AA) က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား(၈) ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူအချို့ ရှိသည်ဟုလည်း သိရသည်။

 

အလားတူ ရက္ခိုင့်တပ်တော်(AA) သည် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “တရွန်အိုင်” ဗျူဟာ နှင့် “နှုံဘူး” ဗျူဟာနှစ်ခုကိုလည်း ရက္ခိုင်ပြည် ၁၀၂၇ စစ်ဆင်ရေး (၁၂) မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်နေပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများပြင်းထန်လျက် ရှိကြောင်းနှင့် စစ်ကောင်စီဘက်မှလည်း  ဂျက်တိုက်လေယာဉ်ဖြင့် (၅) ကြိမ်တိုင် နံနက်(၃) နာရီ (၃၀) မိနစ်မှ စတင်ပြီး လာရောက် တိုက်ခိုက်ခဲ့ကြောင်းကိုလည်း ဖော်ပြထားသည်။

 

ထို့အပြင် စစ်ကောင်စီဘက်မှ  နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လယ် (၂) နာရီ (၃၀) မိနစ်ခန့်မှစ၍ ညနေပိုင်းအထိ ပလက်ဝဒေသတစ်လျှောက်အား ဂျက်လေယာဉ်ဖြင့် (၅) ကြိမ်တိုင်တိုင် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီတပ်များက မြို့တွင်းတွင် အခြေချကာ မြို့တွင်းရှိဒေသခံများကို လူသားဒိုင်းနှင့် ဓားစားခံအဖြစ် ဖမ်းဆီးထားသည့် ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်လည်း ဓားစာခံများကယ်တင်နိုင်ရန် ရက္ခိုင့်တပ်တော်(AA) ကတောက်လျှောက်ကြိုးပမ်း‌နေ သည့်အတွက် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

 

စစ်ကောင်စီတပ်များ ဖမ်းဆီးထားသည့်ဓားစာခံများထဲမှ (၁၂၀) ဦးကို နိုဝင်ဘာ (၂၂) ရက်နေ့တွင် ပထမအကြိမ်၊ (၁၀၄) ဦးကို နိုဝင်ဘာ (၂၃) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ရက္ခိုင့်တပ်တော်(AA) က   စစ်ကောင်စီတပ်သားများ တပ်စွဲထားရာနေရာများကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းကာ ကယ်တင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၅၀) ဝန်းကျင်ကို ရှင်းလင်းနိုင်ခဲ့ကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်ခဲ့သေးသည်။

 

အထိနာနေသော စစ်ကောင်စီသည် ယမန်နေ့ မွန်းတည့် (၁၂) နာရီဝန်းကျင်တွင်  ပေါက်တောမြစ်ထဲရှိ စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ လက်နက်ကြီးဖြင့် တမင်တကာ ပစ်ခတ်ခဲ့သဖြင့် ပေါက်တောမြို့မဈေးကြီး အပါအဝင် နေရာ (၂) ခုမှာ မီးလောင်ပျက်စီးခဲ့ရသေးသလို နိုဝင်ဘာ(၂၄)ကလည်း စစ်ကောင်စီ၏ လက်ချက်ကြောင့် ပုဏ္ဏားကျွန်း မြို့မဈေးကြီး မီးလောင်ပြာကျခဲ့ရပြီး ဖြစ်သည်ဟုလည်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှ ယနေ့အချိန်အထိ စစ်ကောင်စီသည် ရှမ်းမြောက်တခွင်တွင် ကိုးကန့်တပ်ဖွဲ့ထံ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ စသည့် မြို့(၆) မြို့၊ တပ်စခန်းပေါင်း (၁၇၂) ခုနှင့် သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာအမြောက်မြားအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားလက်လွှတ်ဆုံးရှုံးထားရသလို တအာင်းတပ်မတော် (TNLA) ထံကိုလည်း နမ့်ခမ်းမြို့နှင့် တပ်စခန်းပေါင်း (၄၇) ထက်မနည်းနှင့် ဟောင်ဝစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်ခဲယမ်းများ ဆုံးရှုံးလက်လွတ်ထားရပြီဖြစ်သည်။

 

အလားတူပင် တကျော့ပြန်စစ်ပွဲဖြစ်ပွား‌ခဲ့သည့် ရက္ခိုင်ပြည်တွင်လည်း တပ်စခန်း (၄၄) ခုထက်မနည်း နှင့်လက်နက်ခဲယမ်းအမြောက်အမြားကို ရက္ခိုင့်တပ်တော် (AA) ထံ လက်လွှတ်ဆုံးရှူံးလိုက်ရပြီဖြစ်သည်။

 

ထို့ကြောင့် စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးတစ်လတာနီးပါး အတွင်း မြို့(၇) မြို့နှင့် ရှမ်းမြောက်တခွင်နှင့် ရက္ခိုင်ပြည်ရှိ တပ်စခန်းပေါင်း (၂၆၀) ကျော်ကို ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်လွှတ်လိုက်ရပြီဖြစ်သည်။ အချိန်တိုအတွင်း မြို့နှင့် စခန်းပေါင်း ရာကျော်သိမ်းနိုင်ခဲ့သည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များကလည်း ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို ဆက်လက်အကောင်အထည် ဖော်ရန်အတွက်  စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဖြစ်ဟု အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီလည်းဖြစ်သည်။

 

ပုံစာညွှန်း – ချင်းရွှေဟော်မြို့အား သိမ်းပိုက်နိုင်ပြီးနောက် ကိုးကန့်အလံလွှင့်ထူထားသည်ကို မြင်ရပုံ (ပုံအဟောင်း)