အင်အားချို့ငဲ့လာတဲ့ စစ်ကောင်စီဟာ တကယ်ပဲ လူငယ်တွေကို ပေါ်တာဆွဲနေသလား? ဒီအပေါ်မှာ ပြည်သူတွေက ဘာတွေကို စိုးရိမ်နေပါသလဲ?

Author သတင်းအဖွဲ့
Categories
Published on Nov 25, 2023

ရန်ကုန်မြို့မှာ စစ်ကောင်စီဟာ လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။ ငွေကြေးပေးပြီး ပြန်လွတ်လာတဲ့ လူငယ်တွေ ရှိနေတာကြောင့် ဒီသတင်းဟာ မှန်ကန်တယ်လို့ အတည်ပြုရမှာပါပဲ။ စစ်ကောင်စီရဲ့ လူဖမ်းပွဲကို ပြည်သူတွေ ဘယ်လောက်တောင် စိုးရိမ်ပူပန်နေကြပါသလဲ။ ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ”ကဏ္ဍကနေ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

****************************************

 

“ဝန်ထမ်းတွေရဲ့လုံခြုံရေး၊ ဆိုင်ရဲ့လုံခြုံရေးအတွက် အလုပ်ဆင်းချိန်ကို တစ်နာရီစောထားပေးတယ်”

 

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးရဲ့ တီးတိုးသံ

 

ပေါ်တာဆွဲတယ် ဆိုတာက‌တော့၊ အာဏာကို မတရားယူထားတဲ့ အစိုးရတစ်ရပ်က အင်အားသုံးပြီး၊ လူငယ်တွေရဲ့ လုပ်အားကို၊ သူတို့ဆန္ဒသဘော တူညီမှုမရှိဘဲ၊ အတင်းအဓမ္မ၊ လုပ်အားခိုင်းစေမှုတစ်ခုလို့ မြင်ပါတယ်။ လူငယ်တွေကို၊ စစ်မြေပြင်အသီးသီးကို ဖမ်းစီးလွှတ်တာတွေ၊ စစ်မှုထမ်းခိုင်းတာတွေ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်း မြင်‌တွေ့ရပါတယ်။

ဒီလိုမျိုး မတရားဖိနှိပ်ရက်စက်မှုဆိုတာ၊ အာဏာကို တရားမဝင်ယူထားတဲ့၊ အာဏာရှင် အုပ်ချုပ်တဲ့နိုင်ငံတွေမှာပဲ အဓိကတွေ့ရတာမို့ ငါတို့ကတော့  ဒီလိုအချိန်မှာ အမြဲသတိရှိဖို့နဲ့၊ မျက်စိဖွင့်၊ နားစွင့်ပြီးနေရမယ်လို့ပဲ ပြောချင်တယ်။

လူငယ်တွေကို ဖမ်းဆီးငွေညှစ်တာတွေ ပေါ်တာဆွဲတာတွေဆိုပြီးကြားရတဲ့နောက်ပိုင်း ဝန်ထမ်းတွေရဲ့လုံခြုံရေး၊ ဆိုင်ရဲ့လုံခြုံရေးအတွက် အလုပ်ဆင်းချိန်ကို တစ်နာရီစောထားပေးတယ်။ ပုံမှန် ၈နာရီပိတ်တဲ့ နေရာမှာ ၆ခွဲ စသိမ်းလိုက်ပြီး ၇နာရီဆို ပေးဆင်းလိုက်တယ်။

****************************************

 

“အားလုံးဖမ်းသွားတာတော့ ယောကျာ်းလေး သုံးယောက်၊ တစ်ယောက်ကို တစ်သိန်းပေးရတယ်”

 

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှ ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးရဲ့ တီးတိုးသံ

 

ဝန်ထမ်းတွေကို ညဖက် သွားတာလာတာ လျော့ဖို့၊မထွက်ဖို့ ပြီးတော့ အလုပ်သွားအလုပ်ပြန်တွေမှာလဲ ပြဿနာ တစုံတခု ဖြစ်လာရင် ဆက်သွယ်ဖို့နဲ့  ဖြေရှင်းပေးဖို့ မှာထားတယ်။

 

ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေထဲတော့ မပါသေးပါဘူး ၊၀န်ထမ်းကောင်မလေး တစ်ယောက်ရဲ့ အစ်ကို တစ်ယောက်တော့ ပါသွားတယ်။ ၂၁ရက်နေ့က သင်္ဃန်းကျွန်း၊ကုလားစုထဲမှာ အားလုံးဖမ်းသွားတာတော့ ယောကျာ်းလေး သုံးယောက်၊ တစ်ယောက်ကို တစ်သိန်းပေးရတယ်၊ ဖုန်းတောင်းစစ်တယ် ၊ဓာတ်ပုံတွေနဲ့ ဖုန်းနံပါတ် လူတွေ မေးတယ်၊ ရိုက်နှက်တာတော့ မရှိဘူးတဲ့ သူတို့ စိတ်ကြိုက်စစ်ပြီးတော့မှ ခံ၀န်နဲ့ ပိုက်ဆံပေး ပြန်လွတ်လာတယ်။

****************************************

 

“ကိုယ့်ညီကိုမောင်နှမတွေကအစ ပါသွားမှာ စိုးရိမ်တာပေါ့”

 

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှ လူငယ်တစ်ဦးရဲ့ တီးတိုးသံ

 

ကျွန်တော်တို့ကလည်း လူငယ်ဆိုတော့ လမ်းသွားလမ်းလာတော့ ရှိတာပေါ့ အခုကြားနေရတာတွေက ကလေးငယ်တွေကိုပါ ဆွဲတယ် ကြားနေရတော့ ၊တခုခုဆို စိုးရိမ်စိတ်တွေနဲ့ သွားနေရတော့ အဆင်တော့ မပြေဘူးပေါ့ဗျာ၊ ကိုယ့်ညီကိုမောင်နှမတွေကအစ ပါသွားမှာ စိုးရိမ်တာပေါ့၊ ဘယ်လိုပြောရမလဲ ဒီအခြေအနေကြီးကို မြန်မြန်ပြီးဆုံးချင်တာပေါ့။

 

အာဏာမသိမ်းခင်ကာလတုန်းကတို ကိုယ့်ကိုယ့်ကို လွတ်လွတ်လပ်လပ် ဘာကိုမှ တော်ရုံတန်ရုံ ဂရုစိုက်စရာမလို ကြည့်စရာမလိုဘူးလေ ပြောရမယ်ဆို အဆင်ပြေတယ်ပေါ့လေ ၊အခုကျ တခုခုလုပ်တော့မယ်ဆို ဟိုလူ့မျက်နှာကြည့်နေရ ဟိုလူ့ကိုမယုံရ ဒီလူ့ကိုမယုံရနဲ့နေနေရတာပေါ အဲ့လိုတွေတော့ရှိတာပေါ့ ကွာခြားတာက အတော်လေးကို ကွာခြားသွားတာ။

****************************************

 

“ဒီကောင်တွေက ခွေးစိတ်က ပေါက်နေပြီသားဆိုတော့ ဘာမဆို လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူးရယ်”

 

ရန်ကုန်တိုင်း ထောက်ကြံ့မြို့နယ်မှ လူငယ်တစ်ဦးရဲ့ တီးတိုးသံ

 

လက်ရှိ ပေါ်တာ သတင်းတွေ ကြားတော့ စိုးရိမ်စိတ်ကတော့ ထူးထူးခြားခြား ဖြစ်တာ မရှိဘူးပေါ့လေ။ အရင်ကတည်းကလဲ ဒါမျိုးတွေက လူမသိရင်သာ နေမယ်၊ လုပ်လုပ်သွားတာ အာဏာသိမ်းစကနေ အခုထိ ဆက်တိုက်ရှိတာပဲ။လူငယ်တွေကိုတော့ စိတ်ပူတယ်၊ ဒီကောင်တွေက ခွေးစိတ်က ပေါက်နေပြီသားဆိုတော့ ဘာမဆို လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူးရယ်။ ကိုယ်တိုင်တော့ ဒီသတင်းတွေကြောင့် အနေအထိုင် ဆင်ခြင်ဖြစ်တယ်၊ လမ်းတွေ သွားရင် ဂရုစိုက်ပြီး ဒီကောင်တွေနဲ့ လွတ်သထက်လွတ်အောင်ကို အဖော်နဲ့ သွားတယ်။

 

အာဏာမသိမ်းခင်နဲ့ သိမ်းပြီး ကွာခြားချက်ကတော့ ပြောမနေပါနဲ့တော့ဗျာ၊ မြင်သာအောင် ယှဉ်ပြောရရင် ကျွန်တော်ဆို အရင်က ညဘက် အပြင်တအား ထွက်တဲ့ကောင်၊ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်ပြီး ဟေးလားဝါးလားလုပ်တာပေါ့၊ ညဆို ညဉ့်နက်မှ ပြန်တယ်၊ ဘာမှ မဖြစ်ဘူး၊ အကုန်အေးဆေးပဲ၊ မိုးလင်းမှ ပြန်ပြန်၊ မနက်သုံးနာရီ ထပြန်ပြန် စိတ်ပူစရာအကြောင်းကို မဟုတ်ခဲ့တာ။

 

အခုများတော့ ပြောမနေပါနဲ့တော့၊ ညနေဘက်ကို ခြောက်နာရီ၊ ခုနှစ်နာရီဆိုတာနဲ့ အပြင်ကို ခြေမလှုပ်ရဲတာ၊ လမ်းတွေမှာလဲ ယောက်ျားလေးတွေ မြင်တာနဲ့ အသေစစ်တာ ဒါကိုမှ အမြင်မကြည်ရင် ကားပေါ် ခေါ်တင်သွား ဘယ်သူမှ မသိလိုက်ခင်တင် အကုန် ဂွမ်းသွားနိုင်တော့ သတိတော့ ထားနေရတယ်ပေါ့ဗျာ။

 

အခုအပြင်ထွက်ရင်တော့ အင်္ကျီတွေ ရွေးပြီး ဝတ်ရတယ်၊ မည်းမည်းမြင် အကုန်ဆွဲတော့ အဖြူဝတ်ဆိုတဲ့ ဟာသလိုပဲ၊ အနေအထားကအစ သူတို့မျက်စိကျချင်စရာမကောင်းအောင် လုပ်ယူပြီး ဝတ်နေရတာ။

****************************************

 

“ညနေဘက် ခြင်းထွက်ခတ်ပြီး မမှောင်ခင် အိမ်ပြန်တယ် အိမ်အထိလာဆွဲရင်တော့ မတတ်နိုင်ဘူး”

 

ဧရာဝတီတိုင်း ညောင်တုန်းမြို့မှ လူငယ်တစ်ဦးရဲ့ တီးတိုးသံ

 

လူငယ်တစ်ယောက်ခံစားချက်နဲ့ ပတ်သတ်ရင် လုံးဝ လွတ်လပ်မှုမရှိဘူး အစစ အရာရာပါပဲ။ အခုဆို ပေါ်တာဆွဲတယ် အသံကြားတာပေါ့။ လူတွေ ပါတယ်တို့ ဘာတို့ ကြားတယ် ဟုတ်မဟုတ် မသိပေမယ့်လည်း ကိုယ်လည်းကြောက်တာပဲ။ အဲ့ဒီတော့ တော်ယုံ အပြင်မထွက်ဖြစ်ဘူး ညနေဘက် ခြင်းထွက်ခတ်ပြီး မမှောင်ခင် အိမ်ပြန်တယ် အိမ်အထိလာဆွဲရင်တော့ မတတ်နိုင်ဘူး ကိုယ်ကံပဲ။

 

အခုဖြစ်ပျက်နေတဲ့အခြေအနေကမကောင်းဘူးလေ တစ်နိုင်ငံလုံး ပဲပေါ့ နိုင်ငံရေးမကောင်းဘူးလို့ ပြောကြတာပေါ့ တကယ်တော့ စစ်ဖြစ်နေတာလေ။ ကိုယ်ဘက် ရောက်လာရင်တော့ တစ်ခုခုတော့ လုပ်ပေးမိမှာပါ ကူညီနိုင်တာတစ်ခုခုပေါ့။ ကိုယ်က သူတို့လို စစ်ပညာမသင်ထားတော့ တိုက်နိုင်မှာတော့ မဟုတ်ဘူး ရောက်လာခဲ့ရင် ကူပေးနိုင်တာ အကုန်ကူမှာ ကိုယ့်နေရာ စစ်ဖြစ်မှာ‌တော့ ကြောက်မနေတော့ဘူး စစ်ဖြစ်လို့ ကုန်သွားပါစေ ပြန်လုပ်ရမှာပဲလေ အဲ့ဒီအထဲ ကူရင်းသေသွားလဲ နောက်လူပြန်တည်ဆောက်မှာပေါ့ မတတ်နိုင်ဘူး အဓိက ဘာမှမကူလိုက်ရပဲ အဖမ်းခံရမှာကြောက်တာ။