“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (နိုဝင်ဘာ ၂၀ မှ ၂၆ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 25, 2023

ယခုအပတ်(နိုဝင်ဘာ ၂၀ မှ ၂၆ အထိ)ကမ္ဘာကြီးမှာ အထူးသဖြင့် ဂါဇာမှာ ထူးခြားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ အစ္စရေးဓားစာခံတွေကို ဟားမက်စ်ဘက် စလွှတ်ပေးခဲ့သလို အစ္စရေးဘက်ကလည်း အပစ်ရပ်ပေးခဲ့သလို ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးခဲ့တဲ့အပြင် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေ၊ အစားအသောက်၊ ဆေးဝါးနဲ့ စက်သုံးဆီလို အထောက်အပံ့တွေကို ဂါဇာထဲပို့ဆောင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ အောင်မြင်မှု ညီမျှချင်း(=) ကမ္ဘာ့လူထုအတွက် စစ်ရေးခေါင်းလောင်းထိုးသံလို့ဆိုရမယ့် ပထမဆုံး ထောက်လှမ်းဂြိုလ်တု လွှတ်တင်နိုင်ခဲ့တဲ့သတင်းနဲ့ ဗြိတိန်ဘုရင်ရဲ့ သူကောင်းပြုခြင်းခံရတဲ့ Blackpink အဖွဲ့ စတဲ့သတင်းတွေ ကို ဒီတစ်ပတ်ရဲ့ ကမ္ဘာ့ထိပ်တန်းရောက် သတင်းများအဖြစ် ရွေးချယ်ဖော်ပြထားပါတယ်။

****************************************

 

“ရက် ၅၀ နီးပါးအကြာမှာ အပစ်အခတ်စရပ်တဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲ”

 

အောက်တိုဘာလ (၇)ရက်နေ့က ဟားမက်စ်စစ်သွေးကြွတွေဘက်ကစတဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲဟာ နိုဝင်ဘာ ၂၄ ရက် သောကြာနေ့မှာ ၄၈ ရက်အကြာမှာ ထူးခြားဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ပါတယ်။

 

အဲဒီနေ့မှာ နှစ်ဘက်စစ်ပွဲကို ပထမဆုံးအကြိမ်အဖြစ် စတင် အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။

 

ဒီလို နှစ်ဘက်အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာကနေ ဝိုင်းဝန်းညှိနှိုင်းပေးခဲ့ရပြီး အဓိကအနေနဲ့ ကာတာနိုင်ငံရဲ့ ညှိနှိုင်းပေးမှုကြောင့် ယခုလို သဘောတူညီမှုရရှိခဲ့တာပါ။

 

ဒီ သဘောတူညီမှုမှာ ဟားမက်စ်အုပ်စုဘက်က နိုဝင်ဘာ (၇) ရက်နေ့က ဓားစာခံအဖြစ် ဖမ်းခေါ်သွားတဲ့ အစ္စရေးပြည်သူ (၂၄၀) ခန့်အနက် တစ်ရက်ကို (၁၂)ယောက်နှုန်းနဲ့ လေးရက်အတွင်း အများဆုံးအယောက်(၅၀)အထိ ပြန်လွှတ်ပေးမယ်ဆိုပြီးပါဝင်ပါတယ်။

 

အပြန်အလှန်အနေနဲ့ အစ္စရေးဘက်ကလည်း ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသား (၁၅၀)ခန့်ကိုလွှတ်ပေးရမှာပါ။ တကယ်လို့ ဟားမက်စ်စစ်အုပ်စုဘက်က တစ်ရက် ဓားစာခံ ၁၀ ဦး ထပ်မံလွှတ်ပေးပါက အပစ်ခတ်ရပ်စဲတဲ့နေ့တွေ ထပ်မံတိုးလာမှာဖြစ်ပါတယ်။

 

အပစ်အခတ်ရပ်စဲမှုနဲ့ ပတ်သက်လို့ အစ္စရေးဝန်ကြီးချုပ်က “ဒါဟာ ခေတ္တ သဘောသာဖြစ်ပြီး ပြန်လည် စတင်တဲ့အခါ အစ္စရေးအနေနဲ့ သူတို့ရဲ့ရည်မှန်းချက်ကို အရယူသွားမှာပါ” လို့ BBC ကို ပြောပါတယ်။

 

သဘောတူညီမှုအတွင်း ဂါဇာ မြို့တွင်းသို့ လူသားချင်းစာနာမှု အထောက်အပံ့တွေအပြင် အစားအစားတွေနဲ့ သောက်သုံးရေ တင်ဆောင်ထားတဲ့ ထရပ်လော်လီ ကား အစီး(၂၀၀)၊ ဒီဇယ် လီတာပေါင်း (၁၃၀,၀၀၀)နဲ့အတူ ချက်ပြုတ်ရေးအတွက် အသုံးပြုနိုင်မယ့် ဂတ်စ်အိုးအပြည့်ပါတဲ့ ကားကြီး လေးစီး တို့ကို အီဂျစ်နိုင်ငံမှ တဆင့် ရာဖာဂိတ်ကို ဖြတ်ပြီး ပို့ဆောင်မယ့်အကြောင်း သဘောတူညီမှုမှာ ပါဝင်ပါတယ်။

 

အောက်တိုဘာ(၇) ရက်က စတင်တဲ့ အစ္စရေး-ဟားမက်စ် အရေးကြောင့် အစ္စရေးဘက်မှ ပြည်သူ (၁၄၀၀)ကျော် သေဆုံးခဲ့ရပြီး ပါလက်စတိုင်းဘက်က ပြည်သူ (၁၄,၀၀၀)ကျော် သေဆုံးခဲ့တဲ့အနက် (၅၄၀၀)ကျော်မှာ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ စစ်ပွဲကြောင့် မရေတွက်နိုင်လောက်တဲ့ ပမာဏအထိ နေအိမ်၊ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

****************************************

 

” ဓားစာခံတွေ စတင်ဖလှယ်ကြတဲ့ အစ္စရေးနဲ့ ဟားမက်စ်”

 

အစ္စရေးနဲ့ ဟားမက်စ် စစ်သွေးကြွတို့ကြား သဘောတူညီချက်အရ ဟားမက်စ်တို့ဖမ်းဆီးထားတဲ့ အစ္စရေး ဓါးစာခံ ၁၃ ယောက်ပြန်လွတ်လာခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ အစ္စရေးဓားစာခံတွေကို ဂါဇာမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့လက်ကို ဟားမက်စ်အဖွဲ့က လွှဲပေးခဲ့ပါတယ်။

 

အီဂျစ်နိုင်ငံကနေတဆင့် ရောက်လာကြမယ့် ဓားစာခံတွေကို အစ္စရေးစစ်တပ်က နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Hatzerim လေတပ်စခန်းမှာ လက်ခံယူမှာဖြစ်ပြီး သူတို့ကို ဆေးကုသဖို့ နိုင်ငံအနှံ့က ဆေးရုံ ၅ ခုကို ပို့ဆောင်မှာဖြစ်တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက အစောပိုင်းက ပြောကြားထားပါတယ်။ အစ္စရေး ၁၃ ယောက်အပြင် Hamas တို့ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၁၂ ယောက်ပြန်လွတ်လာတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

 

သံရုံးတာဝန်ရှိသူတွေက လွတ်လာသူတွေကို သွားခေါ်နေပြီလို့ ဝန်ကြီးချုပ် Srettha Thavisin ကလည်း X (ယခင် Twitter)လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။ Hamas တို့ဖမ်းထားတဲ့ ဓါးစာခံ ၁ ယောက်ကို ပြန်လွှတ်ပေးရင် ပါလက်စတိုင်း အကျဉ်းသား ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ အစ္စရေးဘက်က သဘောတူထားပါတယ်။ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဖမ်းဆီးထားသူတွေကို အပြန်အလှန် လဲလှယ်လွှတ်ပေးမယ်ဆိုတဲ့ အစီအစဉ်အတိုင်း သောကြာနေ့မှာ စတင်လွှတ်ပေးနေတာပါ။

 

အပြန်အလှန်အားဖြင့် အစ္စရေးမှာ ထောင်ကျနေတဲ့ ပါလက်စတိုင်းအကျဉ်းသား ၃၉ ယောက်ကို အစ္စရေးဘက်က ပြန်လွှတ်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက အစ္စရေး အခြေချနေရာမှာရှိတဲ့ Ofer အစ္စရေး စစ်အကျဉ်းထောင်ကနေ ပါလက်စတိုင်း အကျဉ်းသားတွေကို စတင်လွှတ်ပေးတာဖြစ်ပြီး သူတို့ကို နိုင်ငံတကာကြက်ခြေနီ ICRC လက်ကို အစ္စရေးစစ်တပ်က လွှဲပေးပါတယ်။

 

ပြန်လွှတ်လာမယ်လို့ မျှော်လင့်တဲ့ အမျိုးသမီး ၂၄ ယောက်နဲ့ ဆယ်ကျော်သက်ယောကျ်ားလေး ၁၅ ယောက်ရဲ့ နာမည်တွေကို ပါလက်စတိုင်း အာဏာပိုင်တွေက အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးမြို့တွေထဲ ဟားမက်စ် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဓါးစာခံ ၂၄၀ ကျော်ထဲက ၅၀ ကို လေးရက်အပစ်အခတ်ဆိုင်းထားဖို့ သဘောတူညီထားတဲ့ ကာလအတွင်း ဟားမက်စ်စစ်သွေးကြွဘက်က လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ကို အစ္စရေးတို့က လွှတ်ပေးမယ်လို့ သဘောတူထားပါတယ်။

 

ယာယီ အပစ်အခတ်ရပ်ဆိုင်းထားမှုကို သောကြာနေ့ အစောပိုင်းက စတင်ခဲ့ပြီး မကြာခင်မှာပဲ ဆေးဝါး၊ အစားအသောက်နဲ့ လောင်စာဆီတင်ထားတဲ့ ကုန်ကားတွေ အီဂျစ်နိုင်ငံ နယ်စပ်ဂိတ်ဖက်ကနေ ဂါဇာကမ်းမြောင်ဒေသထဲကို ဝင်ရောက်သွားခဲ့ကြပါတယ်။

****************************************

 

“ဗြိတိန်နန်းတော်ရဲ့ သူကောင်းပြုခံရတဲ့ Blackpink”

 

K-POP လို့နာမည်ကျော်တဲ့ ကိုရီးယားနိုင်ငံရဲ့အမျိုးသမီးတေးသံရှင်အစုအဖွဲ့ Blackpink အဖွဲ့ဝင်တွေဟာ ဗြိတိန်မှာ ဆုချီးမြှင့်ခံရပြီး သူကောင်းပြုခံခဲ့ရပါတယ်။

 

အမျိုးသမီးငယ် လေးဦးပါအဖွဲ့ဟာ ဗြိတိန်ဘုရင် ချားလ်စ်က ဗြိတိသျှအင်ပါယာရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် MBE ဘွဲ့ကို ချီးမြှင့်ခံခဲ့ရတာပါ။ အဲဒီဆုပေးပွဲမှာ တောင်ကိုရီးယား သမ္မတ ယွန်းဆော့ခ်ယောပါ တက်ရောက်ခဲ့ပါတယ်။

 

ဘက်ကင်ဟမ်နန်းတော်ကို ရောက်လာခဲ့တဲ့ ဂျယ်နီ၊ ဂျီဆူး၊ လီဆာနဲ့ ရို့ဇေးတို့က ဆုတံဆိပ်လက်ခံယူချိန်မှာ ချားလ်စ်ဘုရင်နဲ့ ရယ်မောစကားပြောခဲ့တာကို ရုပ်သံတွေထဲ တွေ့မြင်ခဲ့ရပါတယ်။ ဘုရင်ကြီးက သူတို့ကို နှစ်တွေဒီလောက်ကြာတာ စကားပြောနေကြတုန်း၊ ဆိုလိုတာက အခုထိ တည့်နေကြတာကို အံ့ဩတယ်လို့ ပြောသွားပါတယ်။ တနေ့ကျ မင်းတို့ဖျော်ဖြေတာကို ကြည့်ဦးမယ် လို့ ဘုရင်ကြီးက ပြောခဲ့ပါတယ်။

 

ဗြိတိန်နဲ့ ကိုရီးယား ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ရည်ရွယ်ပြီး ဗြိတိန်ဘုရင် ချားလ်စ်နဲ့ မိဖုရား ကမ်မီလာတို့က နိုဝင်ဘာ ၂၁ ရက်နေ့ညမှာ ညစာစားပွဲ တည်ခင်းဧည့်ခံတာ ဖြစ်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆော့ခ်ယောနဲ့ ဇနီးဖြစ်သူ သမ္မတကတော် ကင်ကွမ်ဟီတို့နဲ့အတူ BLACKPINK ပါ တက်ရောက်ခဲ့တာပါ။

 

ထိုပွဲတက်သူတွေဟာ အမျိုးသားတွေက အဖြူရောင်လည်စည်း၊ အမျိုးသမီးတွေက အဖြူရောင်သရဖူ တပ်ဆင်လာရတာဖြစ်ပြီး BLACKPINK အဖွဲ့လည်း ဖိတ်ကြားခံရသူ ၁၇၀ ကျော်ထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

****************************************

 

“ပထမဆုံးထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တဲ့ မြောက်ကိုရီးယား”

 

အာဏာရှင်နိုင်တစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ ပထမဆုံးထောက်လှမ်းရေး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ အင်္ဂါနေ့ က အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအမ်း က (Kim Jong Un) ကြီးကြပ်ကြည့်ရှုခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ဒီလိုလွှတ်တင်တဲ့သတင်းကို တောင်ကိုရီးယားက သတင်းထုတ်ပြန်ခဲ့တာပါ။

 

ဒါဟာ တောင်ကိုရီးယားအပါအဝင် အမေရိကန်၊ ဂျပန်တို့နဲ့ ကမ္ဘာ့လူထုအတွက်တော့ သတင်းကောင်း မဟုတ်တန်ရာပါဘူး။

 

ဒါကို ဂျပန်အစိုးရကတော့ တိုက်ချင်းပစ် ဒုံးကျည်ဖြစ်ဟန်ရှိတဲ့ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တယ်လို့ပြောခဲ့ပြီး အိုကီနားဝါး (Okinawa) စီရင်စုမှာ နေထိုင်ကြသူတွေကို ချက်ခြင်း သတ်မှတ်ခိုလှုံရာနေရာတွေကိုသွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ နာရီဝက်အကြာမှာ ဒီအမိန့်ကို ရုပ်သိမ်းလိုက်ပြီး ဒုံးကျည်ဟာ ဂျပန်ကို ဖြတ်ကျော်သွားပြီး ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်မှာ ပစိဖိတ်သမုဒ္ဒရာထဲ ကျခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

 

ခုလို လွှတ်တင်တာကို အမေရိကန်က ရှုတ်ချလိုက်ပါတယ်။ အင်္ဂါနေ့ အစောပိုင်းမှာ ပစ်လွှတ်မယ့်အကြောင်း မြောက်ကိုရီးယားက ဂျပန်ကို အကြောင်းကြားခဲ့ပါတယ်။ ဒီ ဖြစ်ရပ်ကြောင့် တင်းမာမှု ပိုဆိုးဝါးစေပြီး ဒေသတွင်းနဲ့ ဒေသတွင်းမက လုံခြုံရေးအခြေအနေတည်ငြိမ်မှုကို ပျက်ပြားစေမယ့် အန္တရာယ်ရှိတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Adrienne Watson က ကြေညာချက်ထုတ်ပါတယ်။

 

ဒီလို လွှတ်တင်တာဟာ တာဝေးပစ် ဒုံးကျည်နည်းပညာကိုစမ်းသပ်ဖို့ ယောင်ပြလွှတ်တင်တာမျိုး ဖြစ်နိုင်တာကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေက ခုလို လွှတ်တင်တာတွေကို ရှုတ်ချကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း တာဝေးပစ် ဒုံးကျည်မစမ်းသပ်ဖို့ မြောက်ကိုရီးယားကို ပိတ်ပင်ထားတာပါ။ မြောက်ကိုရီးယားက လွှတ်တင်တာ ဒါဟာ ဒီနှစ်မှာ တတိယအကြိမ်ဖြစ်ပါတယ်။ မေလနဲ့ ဩဂုတ်လတုန်းက လွှတ်တင်ခဲ့တာတွေကတော့ မအောင်မြင်ခဲ့ပါဘူး။