ကူညီကယ်ဆယ်ထားသည့် လွိုင်ကော်တက္ကသိုလ်မှ Non CDM ဝန်ထမ်း (၇၀) ဦးနှင့် မိသားစုဝင် (၃၇) ဦးကို နေရပ်ပြန်နိုင်ရန် လူ့အခွင့်အရေးနှင့်အညီ လုပ်ဆောင်ပေးခဲ့

Author အဂ္ဂ
Categories
Published on Nov 24, 2023

ကရင်နီတော်လှန်ရေး အင်အားစုများက တိုက်ပွဲကြားမှ ကယ်ထုတ်ကာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက စောင့်ရှောက်ထားသည့် Non CDM ဝန်ထမ်းနှင့် မိသားစုဝင် စုစုပေါင်း (၂၀၄) ဦးအနက် ခံဝန်ကတိ လက်မှတ်ရေးထိုးပြီးသော Non CDM ဝန်ထမ်း (၇၀) ဦးနှင့် မိသားစုဝင် (၃၇) ပေါင်း (၁၀၇) ဦးတို့ နေရပ်ပြန်နိုင်ရန်အတွက် ယမန်နေ့ (နိုဝင်ဘာ ၁၃) က စီစဉ်ပေးခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC -Karenni State)ထံမှ သိရသည်။

“ကျွန်မတို့ အဓိက စုံစမ်းစစ်ဆေးတယ်လို့ ပြောတဲ့နေရာမှာကျတော့ နံပတ်တစ်ကတော့ သူတို့အများစုက ကရင်နီကမဟုတ်တဲ့ ပြည်မဘက်ကနေပြီး ဒီဘက်မှာ တာဝန်လာထမ်းဆောင်တဲ့ သူတွေ ဖြစ်တယ်ပေါ့နော်၊ အဲ့လိုဖြစ်တဲ့ အခါမှာ ဘယ်ကိုပြန်မှာလဲ၊ ဘယ်လိုအနေအထားမျိုးရှိလဲ၊ စသဖြင့် သူတို့ရဲ့ Bio ကိုမေးမြန်းတာမျိုး၊ သတင်းအချက်လက် ယူတာ‌မျိုးတွေ နောက်နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်မယ့် လုပ်ငန်းအသေးစိတ်ကို မေးမြန်းတာမျိုးတွေရှိတယ်။ နောက်တစ်ခုကျတော့ Non CDM လုပ်ပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ဘယ်လို ယန္တရားတွေမှာ ပါဝင်ဆောင်ရွက်တာတွေ ရှိနေသေးသလဲ၊ အထူးသဖြင့်ကတော့ ဒီတော်လှန်ရေးကို အင်အားချိနဲ့စေမယ့် လုပ်ရပ်မျိုး၊ ဥပမာ – သတင်းပေး ဆောင်ရွက်တာမျိုး၊ ဒီလိုဟာမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေရှိသလား စသဖြင့် ဒီလိုတော့ ကျွန်မတို့ စုံစမ်းစစ်ဆေး မေးမြန်းတာတွေ ရှိတယ်ပေါ့နော်” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အတွင်းရေးမှူး(၁) ဖြစ်သူ ဇူးပဒုမ္မာက CJ Platform သို့ပြောသည်။

အဆိုပါ နေရပ်ပြန် Non CDM ဝန်ထမ်း နှင့် မိသားစုဝင်ပေါင်း (၁၀၇) ဦး အပါအဝင် ကျန်ရှိနေသေးသည့် Non CDM ဝန်ထမ်းနှင့် မိသားစုဝင် စုစု‌ပေါင်း (၂၀၄) ဦးသည် လွိုင်ကော်တက္ကသိုလ်နှင့် စက်မှုလက်မှုသိပ္ပံကျောင်းမှဖြစ်ပြီး စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့၏ လွိုင်ကော်တိုက်ပွဲအတွင်း ပိတ်မိနေခဲ့သည့်အတွက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက ဘေးလွတ်ရာသို့ ကယ်ထုတ်ပြီးနောက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စအဝဝ တာဝန်ယူကာ စောင့်ရှောက်ထားပေးသည့်သူများ ဖြစ်သည်ဟုလည်း သိရသည်။ ထို့အပြင် ကျန်ရှိနေသေးသည့်သူများကိုလည်း စုံစမ်းစစ်ဆေးပြီးပါက နေရပ်ပြန်နိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

“အဓိကကတော့ စစ်ကောင်စီက ဝါဒဖြန့်နေတဲ့ ဖမ်းဆီးသွားတယ်၊သတ်ဖြတ်လိုက်တယ်ဆိုတဲ့ဟာမျိုးက လုံးဝမဟုတ်ဘူးပေါ့။ ဒီဟာကိုလည်း သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာကိုလည်း IEC Page ကနေ ဗီဒီယိုတွေ၊ စာတွေနဲ့ ထုတ်ပြန်ချက်တွေနဲ့အတူ ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ ဒီမှာ ထပ်လောင်းပြောရရင် ဝါဒဖြန့်နေတာတွေက တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူ့ရဲဘော်တွေ၊ IEC စသဖြင့်ဒီဟာတွေကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်တဲ့ သတင်းစကားတွေပဲ ဖြစ်ပါတယ်ပေါ့နော်၊ ဒီဟာမျိုး ကျွန်မတို့က အခြေခံလူ့အခွင့်အရေးနဲ့အညီ စီမံတောင်ရွက်နေတာမျိုးတွေ၊ နေထိုင်မှုစားသောက်မှုတွေ စီစဉ်ပေးတဲ့ အ‌နေအထားမျိုးတွေ ရှိတယ်” ဟု ဇူးပဒုမ္မာက ဆက်ပြောသည်။

 

ထို့အပြင် ယခုနောက်ပိုင်းတွင် အရပ်ဘက်၊ စစ်ဘက် ဝန်ထမ်းအားလုံး ဘက်ပြောင်းကြရန်နှင့် တော်လှန်ရေးတွင် အတူပူးပေါင်း၍ စစ်အာဏာရှင်စနစ် အမျိုးမျိုးကို တိုက်ထုတ်ရန် ဘက်ပြောင်းဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ၊ IEC အနေဖြင့် လက်နက်ကိုင်အင်အားစုများတွင် ပါဝင်နေသည့် စစ်သားများ၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် အခြားယန္တရားများတွင် ပါဝင်အားဖြည့်နေသည့် ဝန်ထမ်းများကိုလည်း ဘက်ပြောင်းရန် အမြဲတိုက်တွန်း‌လျက်ရှိပြီး ဘက်ပြောင်းရန်လည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။