ဒဂုံမြို့နယ် လေးခုတွင် လူဖမ်းပေးရန် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီစေခိုင်းနေဟု သတင်းထွက်ပေါ်

Author ခေတ်နီ
Categories
Published on Nov 23, 2023

ညမထွက်ရအမိန့် ထုတ်ပြန်ထားသော ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြို့နယ်လေးခုတွင် စစ်ကောင်စီမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တစ်ရပ်ကွက်လျှင် အချိုးကျနှုန်းဖြင့် လူဖမ်းဆီးပေးရန် ခိုင်းစေမှုများ ရှိနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေး အသိုင်းအဝိုင်းထံမှ CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

နိုဝင်ဘာလ ဒုတိယပတ်မှစတင်ကာ ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် လူပျောက်ဆုံးမှုများ ဖြစ်ပေါ်နေချိန် စစ်ကောင်စီဘက်မှ ထိုကဲ့သို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားမှုများရှိနေသည်ဟု ယင်းလေးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းထံမှ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ဆီကိုလူ ၂၀  ဖမ်းပေးရမယ်ဆိုပြီး တောင်းတယ်။ ဥက္ကဋ္ဌက ပေးလို့မရနိုင်ဘူးပြောတော့ ည ကိုးနာရီနောက်ပိုင်း သူတို့ဘာသာဖမ်းရင် ဝင်မပါဖို့ပြောတယ်။ တခြားရပ်ကွက်တွေလည်း အဲဒီလိုတောင်းတယ်တော့ ကြားထားတယ် ” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှ အမည်မဖော်လိုသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူးတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထို့ပြင် ထိုသို့စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုအတွင်း ဖမ်းမိသူများကိုငွေကျပ် အနည်းဆုံး ငါးသိန်းမှစတင်ကာ ဆယ်ဂဏန်းအထိ ငွေညစ်တောင်းယူကာ ရွေးယူနိုင်သူများကိုသာ ပြန်လည်လွှတ်ပေးကြောင်းလည်း သိရသည်။

 

ယခုကဲ့သို့ စစ်ကောင်စီတပ်၏ လူသစ်စုဆောင်းမှုအပေါ် စစ်ကောင်စီတပ်၏ ခမရ ၅၂၈ မှ CDM ဗိုလ်ကြီး လင်းထက်အောင်က CJ Platform သတင်းဌာနထံသို့ ယခုလိုသုံးသပ်ပြောဆိုသည်။

 

“ဒီကာလအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့ပြတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုအခြေအနေတွေက တော်တော်လေးကိုများလာတယ်ပေါ့။ အဲဒီတော့ စစ်တပ်အနေနဲ့ကတော့ နိုင်ငံအနှံ့မှာ သူတို့ရဲ့ စစ်အင်အားဖြန့်ခွဲထားမှုမှာ အကန့်အသတ်ရှိလာပြီ။ ရွှေ့ပြောင်းနိုင်မှုမှာလည်း အကန့်အသတ်ရှိလာပြီ။ ဒီအခြေနေမှာ သူတို့အမိအရ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပြတွေရဲ့ လုံခြုံရေးအတွက် အင်အားကို သူတို့တပ်အင်အားရဲ့ အင်အားကနေ သေချာမပေးနိုင်တော့  ရပ်ကွက်တွေကနေ လူအင်အားတောင်းတယ်လို့ ကျနော်တို့ ထင်တယ်ပေါ့။ သူတို့ရဲ့ နယ်မြေထိန်းချုပ်နိုင်မှု အနေအထားက တစ်နိုင်ငံလုံးအနေအထားမှာ ယုတ်လျော့လာတာ မျက်မြင်ပဲပေါ့။ ဒီအခြေအနေကနေ စစ်တပ်ရဲ့အင်အားချိနဲ့မှုကိုပါ မြင်လာတာပေါ” ဟု ၎င်းက ဆိုသည်။

 

ထိုသို့စစ်ကောင်စီတပ်၏ လုပ်ဆောင်နေမှုများနှင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့နေရာအနှံ့တွင် လူငယ်များ ပျောက်ဆုံးနေမှုများကြောင့် လူထုအကြား စိုးရိမ်မှုများလည်း ရှိနေသည်။

 

“လူကြီးတွေကတော့ သတိပေးနေတာတွေ ရှိတယ်။ လူငယ်တွေ ညနေစောင်းတာနဲ့ အပြင်မထွက်တော့ဖို့ ဘာညာပေါ့။ အိမ်မှာလည်း စိတ်ပူတာတွေ ရှိတယ်။ ဒါပေမဲ့ အလုပ်တွေ၊ ကျောင်းတွေ တက်နေရတဲ့ လူငယ်တွေကတော့ ညဉ့်နက်တွေ၊ ညနေပိုင်းတွေမှ ပြန်ရောက်ကြတော့ တကယ်လို့ မတော်လို့ ဖြစ်သွားလည်း “သဗ္ဗေ သတ္တာ ကမ္မသကာ”ပဲပေါ့လေ။ အရမ်းကြီး စိုးရိမ်တာမျိုးတော့ မရှိပါဘူး။ ဒီကောင်တွေခေတ်မှာက သေမထူး၊ နေမထူးဘဲလေ” ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ဆိုသည်။

 

ထိုသို့ ဒဂုံလေးမြို့နယ်အပြင် ရန်ကုန်မြို့တစ်ဝှမ်းတွင် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းသည့် (ပေါ်တာစွဲ) သတင်းများကြောင့် လူအများသည် ည ၈ နာရီကျော်ပါက အပြင်မထွက်ရဲကြတော့ပေ။

 

“အခုဆို ဒီသတင်းတွေက ဆက်တိုက်ကြားနေရတယ် ယောကျ်ားလေး​ရော မိန်းကလေးရောပါဖမ်းပြီး ငွေပေးမှ ပြန်လွှတ်တယ်ဆိုတာမျိုး ကြားနေရတော့ ကိုယ့်ဆီကို ဘယ်တော့ ရောက်လာမလဲဆိုပြီး စိုးရိမ်နေရတယ်၊ ခိုးဆိုးလုနှိုက်တွေကြောင့် စိုးရိမ်ရတာအပြင် အခုလိုတွေဖြစ်လာတော့ ပိုစိုးရိမ်ရတာပေါ့ ၊အပြင် တောင် အရေးမကြီးရင် မသွားတော့ပဲ သွားမယ်ဆို ဖုန်းတွေ ပိုက်ဆံအိတ်တွေကိုပါ သေချာဂရုစိုက်ရတယ်”ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

လက်ရှိ စစ်ကောင်စီအနေဖြင့် နိုင်ငံတဝန်းရှိ တိုင်းနှင့် ပြည်နယ် ၇ ခုထက်မနည်းတွင် စစ်မျက်နှာဖွင့်ကာ တိုက်ခိုက်ခံနေရပြီး တိုက်ပွဲများအတွင်း တပ်သား ကျဆုံးမှုများအပြင် ၎င်းတို့တပ်သားများ၏ လက်နက်ချအညံ့ခံမှုများကြောင့် စစ်ကောင်စီတပ်အနေဖြင့် တပ်အင်အားချိနဲ့လာနေသည်။