စစ်ကောင်စီမှ တပ်မတော်(ရေ) နှစ်ပတ်လည်ပွဲအား အခမ်းအနားဖြင့် ကျင်းပရဲခြင်း မရှိဖြစ်နေ

Author စကားဝါ
Categories
Published on Nov 22, 2023

စစ်ကောင်စီသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်အား အခမ်းအနားဖြင့် ကျင်းပရဲခြင်း မရှိသဖြင့် မှတ်တမ်းဓာတ်ပုံများသာ ရိုက်ကူးကာ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ဧရာဝတီရေတပ်စခန်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့်  CJ Platform ၏ သတင်းအရင်းအမြစ် တစ်ဦးထံမှ သိရသည်။

 

နှစ်စဉ် အခမ်းအနားများဖြင့် ကျင်းပလေ့ရှိပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် တက်ရောက်မည်မဟုတ်ကြောင်း၊ နှစ်စဉ် စျေးရောင်းပွဲတော်များ ညစာစားပွဲများ လုပ်ဆောင်သော်လည်း ယခုနှစ်တွင်မူ မည်သည့် အစီအစဉ်မှ လုပ်ဆောင်ခြင်း မရှိဘဲ မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဝါဒဖြန့်ချိမှုများသာ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

 

“Navy Day ကို ဒီနှစ်မှာ သူတို့ ကြီးကြီးကျယ်ကျယ် မလုပ်ရဲဘူး၊ သီလဝါ သံလျင်မှာ ပေါင်းလုပ်မယ်လို့ ကြားတယ်၊ ဒါလည်း အခမ်းအနားနဲ့ မဟုတ်ဘူး၊ ခေါင်းဆောင်ပိုင်းတွေလည်း မတက်ဘူး၊ PDF တွေ ဝင်တိုက်ခံရမှာကို စိုးရိမ်ပြီး ပြင်ဆင်နေရတာ အများကြီးပဲ”ဟု ဧရာဝတီရေတပ်စခန်း ဌာနချုပ်ရှိ CJ Platform ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 

တပ်မတော်(ရေ) တပ်ဖွဲ့ဝင်ပေါင်း ၁၉၀၀၀ ဝန်းကျင်ရှိပြီး ရေတပ်စခန်း ဌာနချုပ်များအဖြစ် ဧရာဝတီရေတပ်စခန်း ဌာနချုပ်၊ မောရဝတီ ရေတပ်စခန်း ဌာနချုပ်၊ ဓညဝတီ ရေတပ်စခန်းဌာနချုပ်၊ ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်ဟူ၍ ရေတပ်စခန်း ဌာနချုပ် (၅)ခုအထိ ရှိသည်။

 

(၇၅)နှစ်မြောက် တပ်မတော်(ရေ) အခမ်းအနားကို ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတားတွင် ကျင်းပပြုလုပ်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။