၁၀၂၇ စစ်ဆင်ရေး (၂၅) ရက်မြောက်နေ့ အဖြစ် စစ်ကောင်စီ စခန်း(၃) ခုအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ဟု MNDAA ဆို

Author လင်းနွေဦး
Categories
Published on Nov 21, 2023

ကိုးကန့်ဒေသ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်ကောင်စီစခန်း သုံးခုအား နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA) မှ ထုတ်ပြန်လာသည်။

 

“၁၀၂၇ စစ်ဆင်ရေး” ၏ (၂၅) ရက်မြောက်နေ့ အဖြစ် MNDAA မှ နံနက်ပိုင်းတွင် ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု ၊ ချာလူကျိုင့်ရွာ တွင် အခြေချထားသော စစ်ကောင်စီ စခန်းအား ဒရုန်းဖြင့် စတင်ဗုံးကြဲတိုက်ခိုက်ပြီးနောက် ခြေလျင်တပ်များဖြင့် နေ့လယ် (၁)နာရီ (၄၀)မိနစ် အချိန်တွင် စတင် ထိုးစစ်ဆင်ကာ (၁၉) မိနစ်အကြာတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းမှ စက်သေနတ် (၁)လက် ၊ဗုံးသီး (၃၃)လုံး ၊ RPG ပို့ယမ်း (၂၅)တောင့်တို့ သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

နံနက် (၁၀) နာရီ အချိန်တွင်လည်း ရှီရှမ်းဒေသ၊ ရှောက်ကိုင်အုပ်စု၊ ဖောက်လုပ်တောင်တွင် အခြေချသော စစ်ကောင်စီစခန်းအား စတင်ထိုးစစ်ဆင်ကာ ဒရုန်းပစ်ကူနှင့် ခြေလျင်တပ်ဖွဲ့တို့၏ (၃)ကြိမ်တိုင် တိုက်ခိုက်မှုဖြင့် ညနေ (၄)နာရီ(၁၅)မိနစ် အချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ဖောက်လုပ်တောင်မှာ နယ်စပ်မျဉ်းနှင့် နီးစပ်သော နေရာဖြစ်ပြီး ဖောက်လုပ်တောင် အသစ်နှင့် အဟောင်းဟူ၍ ခွဲခြားထားကာ ထိုနေရာရှိ စစ်ကောင်စီ၏ တပ်စခန်းများအား တစ်ခုချင်းစီ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်များလည်း သိမ်းဆည်းရမိကြောင်း MNDAA ၏ ထုတ်ပြန်ချက် အတွင်းဖော်ပြသည်။

 

အဆိုပါနေ့ ညနေ (၄)နာရီ (၃၀)မိနစ်အချိန်တွင် တတိယ စခန်းသိမ်း စစ်ဆင်ရေးအဖြစ် ရှင်းဝမ်ဒေသ၊ ရှင်ဟွာအုပ်စု၊ ရှောက်တင့် ပါးနေရာရှိ စစ်ကောင်စီ တပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA မှ ဆိုသည်။

ယခုအခါ ကိုးကန့်ဒေသတွင် စစ်ကောင်စီမှ စစ်စခန်း (၁၇၀) ကျော် နီးပါးအထိ လက်လွှတ်ခဲ့ရပြီးဖြစ်ကာ သံချပ်ကာကား (၈) စီးနှင့်အတူ လက်နက်ခဲယမ်း မြောက်မြားစွာ လည်း ဆုံးရှုံးထားရမှုကြောင့် လက်လွှတ်ခဲ့ရသော စခန်းနေရာများသို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး အရပ်သားပစ်မှတ်များအပေါ်သို့လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။