မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတွင် ဆက်လက်အေးနိုင်ကြောင်း NUG ထုတ်ပြန်

Published on Nov 20, 2023

ယခုတစ်ပတ် နို၀င်ဘာ ၂၀  မှ နို၀င်ဘာ ၂၆ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင် ညအပူချိန်များ ဆက်လက်ကျဆင်း၍ အေးနေနိုင်ပြီး နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းလာနိုင်ကြောင်း NUG လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခုတစ်ပတ်အတွင်း ထူးခြားချက်မှာ လာမည့်ရက်သတ္တပတ်တွင် လေပွေလှိုင်းများနှင့် လေဖိအားနည်း ရပ်ဝန်းများကို ဘင်္ဂလားပင်လယ်အော်တွင် လည်းကောင်း၊ ထိုင်းပင်လယ်ကွေ့တွင် လည်းကောင်း ဖြစ်ပေါ်လာနိုင်သည်ကို ကြုံတွေ့ရနိုင်ပြီး နိုဝင်ဘာလ (၂၄-၂၅-၂၆)ရက်များတွင် ထိုင်းပင်လယ်ကွေ့မှအစပြုသော အရှေ့လေပွေလှိုင်းတစ်ခုသည် တနင်္သာရီ ကမ်းရိုးတန်းကို ဖြတ်ကျော်လာနိုင်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်ပါသည်။ အဆိုပါ အခြေအနေ သည် မွန်၊ တနင်္သာရီဒေသများကို နေရာကွက်၍ မိုးကြီးစေနိုင်ကြောင်း ၄င်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါ လေဖိအားနည်းဝန်းတစ်ခုသည် နိုဝင်ဘာလ ၂၇ နှင့် နို၀င်ဘာ ၂၈ ရက်များတွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ပြီး သီရိလင်္ကာကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ၊ အဆိုပါလေပွေလှိုင်းများနှင့် လေဖိအားနည်း ရပ်ဝန်းများကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။