ဧရာဝတီတိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တော်လှန်ရေးတပ်များ ရောက်လာမည်ကို စိုးရိမ်နေ

Author လဂွန်းအိမ်
Categories
Published on Nov 14, 2023

နိုင်ငံတစ်ဝန်းတော်လှန်ရေးတပ်များ တိုက်ခိုက်နေသည့်အတွက် ဧရာဝတီတိုင်းသို့ စစ်ရေးလှုပ်ရှားမှုများ ရောက်ရှိလာမည်ကို စိုးရိမ်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နိုဝင်ဘာလ ၁ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူကာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

တိုင်းအတွင်း လုံခြုံရေးများတင်းကြပ်ခြင်း၊ မြို့အဝင်ထွက်ဂိတ်များ တိုက်ခိုက်ခံရခြင်း မရှိစေရန် ကြပ်မတ်ခြင်း၊ ရုံးဌာနများတွင် CCTVများ တပ်ဆင်ခြင်းများ လုပ်ဆောင်စေပြီးနောက် တိုင်းအတွင်း စစ်ကောင်စီတပ်သား အင်အားနည်းပါးနေသဖြင့် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ အင်အားဖြည့် ပူးပေါင်းစေခြင်း၊ ဒရုန်းအန္တရာယ်အား သတိထားကာကွယ်မှု လုပ်ဆောင်စေရန် ညွှန်ကြားမှုများ ပေးထားကြောင်း သိရသည်။

 

“ရပ်ကွက်ရုံးတွေကို ညတိုင်း ဒရုန်းစောင့်ကြည့်ဖို့ ညွန်ကြားထားတာရှိတယ် ဒရုန်းနဲ့ ဗုံးသီးလာချမှာကို စိုးရိမ်တဲ့အတွက် အခုလိုညွှန်ကြားထားတာဖြစ်မယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးမှ CJ Platform သို့ပြောသည်။

 

နိုင်ငံနေရာအနှံ့အပြားတွင် တော်လှန်ရေးတပ်များမှ မြို့သိမ်းတိုက်ပွဲများ ပြုလုပ်လျက်ရှိနေပြီး မြို့ပြများပင် အသိမ်းခံထားရပြီဖြစ်သဖြင့် လှုပ်ရှားမှုနည်းပါးပြီး စစ်ကောင်စီစိုးမိုးထားနိုင်သည့် ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာမည်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စိုးရိမ်လာခဲ့ခြင်း ဖြစ်သည်။