ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (နိုဝင်ဘာ ၆ မှ ၁၁ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 11, 2023

ယခုအပတ်(နိုဝင်ဘာ ၆ မှ ၁၁ အထိ)ထဲ အစ္စရေး-ဟားမက်စ်သတင်းတွေ ထိပ်တန်းရောက်နေဆဲဖြစ်သလို ဂါဇာက အကြီးဆုံးဆေးရုံကြီးတိုက်ခိုက်ခံရတာ၊ အစ္စရေးဘက်က တစ်ရက်ကို ၄ နာရီအပစ်ရပ်ပေးမယ့် သတင်းတွေ ထိပ်တန်းရောက်ခဲ့ပါတယ်။ အဲဒီနောက် သဟာလီးဝုဒ်ရုပ်ရှင်မင်းသား/မင်းသမီးတွေရဲ့ Actors-Strike အစမ်းသဘောတူညီမှုရသွားတဲ့သတင်းနဲ့ တေလာ ဆွိစ်ရဲ့ ပြန်ထုတ်အယ်လ်ဘန် အရောင်းရဆုံးဖြစ်နေတဲ့သတင်းတွေ ရှေ့ရောက်ခဲ့ပါတယ်။

****************************************

 

“ထိပ်တန်းရောက်နေဆဲ အစ္စရေး-ဟားမက်စ် စစ်ပွဲသတင်းများ”

 

နေ့စဉ်လေးနာရီကြာ ရပ်ဆိုင်းပေးတော့မယ့် အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေး

 

ကမ္ဘာ့ကုလသမဂ္ဂပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေရဲ့ စစ်ပွဲရပ်ပေးဖို့ တောင်းဆိုမှုကြောင့် အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးတွေကို နေ့စဉ် လေးနာရီကြာရပ်တန်ထားပေးမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

 

အစ္စရေးတပ်တွေဟာ ဂါဇာမြို့မှာ ဟားမက်စ်စစ်သွေးကြွတွေကို စစ်ဆင်တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်းအရပ်သားအများအပြား အဲဒီဒေသကနေ စွန့်ခွာနေကြရတာပါ။

 

ဒီအချိန်မှာပဲ အစ္စရေးဘက်က တစ်နေ့လေးနာရီ အပစ်ရပ်ထားမယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ John Kirby က ပြောဆိုလိုက်တာပါ။ ဒီလို ခဏတာ အပစ်ရပ်ပေးလိုက်တာကြောင့် လူသားစာနာမှု လမ်းကြောင်းတွေကိုသုံးပြီး ပါလက်စတိုင်းတွေ ရှောင်တိမ်းထွက်ခွာဖို့ အချိန်ရမှာဖြစ်တယ်လို့လည်း John Kirby က ပြောပါတယ်။

 

အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyhahu တို့ကြား ဆွေးနွေးမှုကနေ အခုလို အချိန်တိုစစ်ရပ်စဲထားဖို့ ဖြစ်လာပြီး ဒီအချိန်အတွင်းမှာတော့ ဘယ်စစ်ဆင်ရေးမှ ရှိမှာမဟုတ်ဘူးလို့ အစ္စရေးဘက်က ပြောတဲ့အကြောင်းလည်း ပြောပါတယ်။

****************************************

 

“ဂါဇာဆေးရုံကြီး တိုက်ခိုက်ခံရလို့ လူထောင်ချီထွက်ပြေး”

 

ဂါဇာက အကြီးဆုံးဆေးရုံ ရှီဖာဆေးရုံဝန်းနဲ့ သားဖွားမီးယပ်ဌာနအဆောင်ကို သောကြာနေ့က အစ္စရေးဒုံးကျည်ထိပြီးနောက်မှာ ဆေးရုံမှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်းထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြပါတယ်။

 

ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ရုပ်သံတွေနဲ့ သတင်းဌာနတွေက  စိစစ်ထားတဲ့ ဗီဒီယိတွေမှာတော့ ပြင်ပလူနာဌာန အပြင်ဘက်မှာ ဖရိုဖရဲဖြစ်နေတဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။

 

ဟားမက်စ် ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြောဆိုချက်အရ အဲဒီဆေးရုံမှာ လူသောင်းနဲ့ချီ ခိုလှုံနေကြတယ်ဆိုပါတယ်။ အစ္စရေးဘက်ကတော့ ဟားမက်စ်က ဆေးရုံတွေကို အကာအကွယ်ယူ ပုန်းအောင်းနေတယ်လို့ စွပ်စွဲပြီး ရှီဖာဆေးရုံ အောက်မှာ ဟားမက်စ်ရဲ့ ကွပ်ကဲရေး စင်တာတစ်ခုရှိတယ်လို့ အကြောင်းပြပါတယ်။ ဒါကို ဟားမက်စ်နဲ့ ဆေးရုံဝန်ထမ်းတွေက ငြင်းဆိုပါတယ်။

 

တချိန်တည်းမှာပဲ ဂါဇာမှာ  အစ္စရေးဘက်က အသုံးပြုနေတဲ့ ပြင်းထန်တဲ့ ဖောက်ခွဲရေးလက်နက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက သောကြာနေ့မှာ တောင်းဆိုပါတယ်။ ဒီဖျက်အားမြင့် လက်နက်တွေကြောင့် ပိတ်ဆို့ခံထားရတဲ့ ဂါဇာမှာ အရပ်သား၊ လက်နက်ကိုင် ခွဲခြားမှုမရှိဘဲ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

 

အစ္စရေးစစ်တပ်စစ်ဆင်ရေးကြောင့် ဂါဇာမှာ ပါလက်စတိုင်းသေဆုံးသူဦးရေက အမျိုးသမီးနဲ့ ကလေးသူငယ် အများစု အပါအဝင် လူ ၁၀,၈၀၀ ကျော်သွားပြီလို့ ဟားမတ်စ် လက်အောက်ခံ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ကပြောပါတယ်။ ဟားမတ်စ်ရဲ့ အရင်လက ကနဦးတိုက်ခိုက်မှုကြောင့်အစ္စရေးဘက်က အရပ်သားအများစုပါဝင်တဲ့ လူ ၁၄၀၀ ကျော်သေဆုံးခဲ့တာပါ။

****************************************

 

“ဂါဇာကမ်းမြောင်ကို သိမ်းပိုက်အုပ်ချုပ်မှာ မဟုတ်ဘူးလို့ပြောလာတဲ့ အစ္စရေးဝန်ကြီးချုပ်”

 

အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ဖို့ စိတ်မဝင်စားဘူးလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမေရိကန်အခြေစိုက် Fox သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

 

ဟားမက်စ်နဲ့အပစ်အခတ်ရပ်စဲတာဟာ လက်နက်ချအညံ့ခံတဲ့သဘော သက်ရောက်တဲ့အတွက် ဟားမက်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် Netanyahu က ပြောပါတယ်။

 

ဟားမက်စ်ဘက်က ဖမ်းသွားတဲ့ အစ္စရေးဓားစာခံ ၂၀၀ ဦးကျော်ကို မလွှတ်မချင်း စစ်ပွဲရပ်မှာ မဟုတ်ဘူးလို့လည်း အစ္စရေး ဝန်ကြီးချုပ်က ပြောထားပါသေးတယ်။

****************************************

 

“ကန်ဒေါ်လာ ဘီလီယံကျော်တန်ကြေးရှိ အစမ်းသဘောတူညီမှုရသွားတဲ့ Actors-Strike”

 

ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ သပိတ် Actors-Strike ဟာ လေးလကြာပြီးနောက် ထုတ်လုပ်သူတွေဘက်က မီးစိမ်းပြခြင်းခံလိုက်ရပါပြီ။

 

လနှင့်ချီကန့်ကွက်နေသော ဟောလီးဝုဒ် ရုပ်ရှင်လောက သရုပ်ဆောင်များပါဝင်တဲ့ Actors-Strike သပိတ်အဖွဲ့နှင့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးများကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ (၈)ရက် ညပိုင်းက အစမ်းသဘောတူညီမှု ရခဲ့တာပါ။

 

ယခုနှစ် မေလ ၂ ရက်နေ့ကစတင်ပြီး စာရေးဆရာများသပိတ်(Writers-Strike)က ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေကို စတင်သပိတ်မှောက်ခဲ့ရာမှ မင်းသား၊ မင်းသမီးများပါဝင်တဲ့ Actors-Strike ဆိုပြီး ဇူလိုင်လ ၁၄ ရက်နေ့ကစတင်သပိတ်မှောက်ခဲ့တာမှာ လေးလနီးပါးကြာပြီးနောက် အောင်မြင်မှုရခဲ့တဲ့သဘောပါ။

 

Writers-Strike ကတော့ သပိတ်မှောက်ကာလ ငါးလအကြာ  စက်တင်ဘာလနှောင်းပိုင်းမှာ အောင်မြင်ခဲ့ပါတယ်။

 

Actors-Strike ရဲ့ ယခု သဘောတူဆွေးနွေးမှုအတွင်း ဟောလီးဝုဒ် ထိပ်တန်းထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ Disney၊ Netflix၊ Warner Bros(WB)၊ Discovery နဲ့ Universal စတဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေနဲ့ စီမံခန့်ခွဲရေးခေါင်းဆောင်ပိုင်းက ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

 

ယခု အစမ်းသဘောတူမှုရပြီးနောက် ကြာသပတေး နေ့လယ် ၁၂ နာရီမှာ သပိတ် ပိတ်သိမ်းကြောင်း သရုပ်ဆောင်များသပိတ် ခေါင်ဆောင်များက ကြေညာခဲ့ကြပြီး Screen Actors Guild-American Federation of Television and Radio Artists (SAG-AFTRA)ရဲ့ ခေါင်းဆောင်တွေဟာ ယခုစာချုပ်ကို မကြာမီအချိန်အတွင်း အတည်ပြုနိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။

 

ယခု အစမ်းသဘောတူစာချုပ်မှာ သုံးနှစ်သက်တမ်းရှိပြီး အမေရိကန်ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိပါတယ်။

 

ဒါ့အပြင် စာချုပ်အတွင်း လူသားဉာဏ်ရည်တု(AI)ကို ထိန်းချုပ်အသုံးပြုခြင်း၊ လုပ်အားခ များပြားလာခြင်း၊ လျော်ကြေးပမာဏ တိုးလာခြင်းနဲ့ ဖြန့်ချိရေး ပလက်ဖောင်းများမှ အပိုခံစားခွင့် စတာတွေ ပါဝင်လာမှာဖြစ်ပါတယ်။

 

ယခုကဲ့သို့ Writers-Strike နဲ့ Actors-Strike တို့ကြောင့် ဟောလီးဝုဒ်ရုပ်ရှင်ကဏ္ဍတစ်ခုလုံး ရပ်တန့်ထားရတာ ၇ လခန့်ရှိပြီဖြစ်ပြီး Actors-Strike အောင်မြင်မှုရခဲ့ခြင်းကြောင့် ဟောလီးဝုဒ်တွင် ရုပ်ရှင်ရိုက်ကူးရေး၊ ပြသရေးနဲ့ Talk Show များ ပိတ်ကားထက်ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

****************************************

 

“လုပ်တိုင်းဖြစ်နေဆဲ တေလာဆွိဖ်”

 

ကမ္ဘာကျော် အမျိုးသမီး POP တေးသံရှင် တေလာ ဆွိစ်ရဲ့ အောင်မြင်ကျော်ကြားမှု အထွဋ်အထိမှာ ရောက်နေပြီး သူဘာလုပ်လုပ် အောင်မြင်ကျော်ကြားလို့နေပါတယ်။

 

အခုလည်း သူ့ရဲ့ တေးအယ်လ်ဘန်ဟောင်း “၁၉၈၉” ကို ပြန်ထုတ်ခဲ့ရာမှာလည်း ဝက်ဝက်ကွဲ အောင်မြင်နေပြန်ပါတယ်။

 

ဗြိတိန်နိုင်ငံ UK နိုင်ငံရဲ့ တေးတစ်ပုဒ်တည်း စာရင်းမှာရော တေးဓာတ်ပြားတစ်ချပ်လုံး စာရင်းမှာရော နိုဝင်ဘာ ၃ ရက်နေ့က ထိပ်ဆုံးရောက်နေတာပါ။

 

သီချင်း ၂၁ ပုဒ်ပါတဲ့ အဲဒီအယ်လ်ဘန်ကို အောက်တိုဘာ ၂၇ က ဖြန့်ချိခဲ့တာဖြစ်ပြီး အဲဒီနေ့ဟာ ၂၀၁၄ ခုနှစ် သူ့မူရင်းအခွေထွက်ခဲ့တဲ့ ၉ နှစ် ပြည့် နေ့ဖြစ်ပါတယ်။

 

ထူးခြားချက်က မူရင်းအခွေတုန်းက ပထမဆုံးအပတ်ရောင်းအားဟာ တေးအချပ်ရေ ၉ သောင်းရှိခဲ့ပေမယ့် အခု ပြန်ထုတ်ရာမှာ ၂ ဆ ဖြစ်တဲ့ တစ်သိန်း ၈ သောင်းကျော်အထိ ရောင်းအားတက်ခဲ့တာပါ။

 

ဒါတင်ပဲလားဆိုတော့ မပြီးသေးပါဘူး။ ဒီတေးဓာတ်ပြားက ဒီနှစ်ထွက်ပြီးသမျှ တေးအယ်လ်ဘမ် အကုန်လုံးအတွက် ပထမဆုံးအပတ် ရောင်းအားတွေအားလုံးထက် သာနေပြန်ပါတယ်။

 

ဒီတေးအယ်လ်ဘမ်က သူ့ရဲ့ ၁၁ ချပ်မြောက်ဖြစ်ပြီး တခြား လူအကြိုက်ဆုံး သီချင်း ၁၀ ပုဒ်ဝင်တဲ့ တခြားသီချင်းအားလုံးပေါင်းထက်တောင် သူ့သီချင်းတစ်ပုဒ်တည်းက ပိုများနေတာပါ။ ပြီးတော့ သူက Britain နိုင်ငံမှာ ဒီရာစုနှစ်ထဲ နံပတ် ၁ ချိတ်တဲ့ တေးဓာတ်ပြားတွေရတဲ့ အမျိုးသမီးအဆိုတော်ဖြစ်သွားပါတယ်။

 

ဒီပြန်ထုတ်တေးဓာတ်ပြားသစ်မှာ သီချင်းသစ် ၅ ပုဒ်လည်းပါဝင်ပါတယ်။ အဲဒီထဲက Is It Over Now? ဆိုတဲ့သီချင်းက အွန်လိုင်းနားထောင်မှုပေါင်း ၄.၉ သန်းနဲ့ သီချင်းတပုဒ်တည်းစာရင်းမှာ နံပတ် ၁ ချိတ်တာပါ။ နောက် Now That We Don’t Talk နဲ့ Slut! ဆိုတဲ့ သီချင်းတွေက လူကြိုက်အများဆုံး နံပတ် ၂ နဲ့ နံပတ် ၅ မှာ ရှိကြပါတယ်။

 

မူရင်းအခွေတုန်းက ဆိုရင်လည်း Shake It Off တို့ Blank Space တို့ သီချင်းတွေက ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ နံပတ် ၁ ရောက်ပြီး ၂၀၁၆ ဂရမ်မီဆုချီးမြှင့်ပွဲမှာတော့ အကောင်းဆုံးတေးဓာတ်ပြား၊ အကောင်းဆုံး အဆိုနဲ့ “Bad Blood သီချင်းအတွက် အကောင်းဆုံး သီချင်းဗွီဒီယိုဆုတို့ ရရှိခဲ့ပါတယ်။

 

တေလာဆွိဖ်က သူ့ရဲ့ ပထမဆုံးတေးဓာတ်ပြား ၆ ချပ်ကို မူရင်းတေးထုတ်လုပ်ရေးကုမ္ပဏီ Big Machine ကို စာချုပ်သက်တမ်းကုန်ချိန် ၂၀၁၉ မှာ ကုမ္ပဏီနဲ့ စာချုပ်ရပ်ချိန် မူပိုင်ခွင့်ပေးလိုက်ရတာကြောင့် အကြီးအကျယ်ဒီကိစ္စ ပြဿနာဖြစ်ခဲ့တာပါ။ အဲဒီကုမ္ပဏီက တေလာဆွိဖ်ရဲ့မူရင်းအသံသွင်းဓာတ်ပြားတွေကို ဒေါ်လာသန်း ၃၀၀ ကျော်နဲ့ ရောင်းလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။