ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ

Author မင်းထက်
Categories
Published on Nov 11, 2023

တော်လှန်ရေးအင်အားစုများက နိုင်ငံတဝှမ်းစစ်ကောင်စီကို အပြင်းထန်ဆုံးစုစည်းတိုက်ခိုက်နေခဲ့ရာ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်သားများအထိုင်ချနေရာများကို နို၀င်ဘာလ ၁၀ ရက်နေ့က ဝေဟင်၊ မြေပြင်တို့မှ ချိန်သားကိုက်တိုက်ခိုက်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား  ၇ ဦးခန့် သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရှိကြောင်း ၎င်းက ပြောသည်။

 

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီမှစတင်၍ ရေစကြိုမြို့ပေါ်ရှိ နံ့သာဟေဝန်ပန်းခြံအတွင်း တပ်စွဲထားသော စစ်ကောင်စစ်တပ်သားများကို ၄ နာရီကြာ အနီးကပ်အပြန်အလှန်တိုက်ခိုက်ခဲ့ကြောင်း မြို့နယ် ပ.က.ဖက ဆိုသည်။

 

ထိုတိုက်ပွဲအတွင်း ရန်သူ့ဘန်ကာများကို ဖျက်ဆီးနိုင်ခဲ့ပြီး ဝေဟင်မှလည်း Drone ဖြင့် အီနာဂါအလုံးပေါင်းများစွာချ၍ တိုက်ခဲ့သောကြောင့် ပန်းခြံထဲမှ စစ်ကောင်စီတပ်သား အထိခိုက်အသေဆုံးများရှိခဲ့ကြောင်း သိရသည်။

 

အထိနာစစ်သားများကို ကူရန်လာသော ရေစကြိုပြည်သူ့ဆေးရုံက စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကင်းပုန်းဖြင့် အသင့်စောင့်ဆိုင်းတိုက်ခိုက်နိုင်မှုကြောင့် စစ်သား၂ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ပန်းခြံကို ဝင်ရောက်သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း တိုက်ပွဲအချိန်ကြာမြင့်ခြင်းနှင့် လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် နံနက် ၉ နာရီအချိန်ခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

အလားတူ နံနက် ၅ နာရီတွင် ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ပြည်သူ့တော်လှန်ရေးတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အထိနာခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲစခန်းတွင်းမှ တပ်သားအချို့ စခန်းစွန့်ခွာထွက်ပြေးမှုများရှိခဲ့ပြီး ရန့်သူ့တပ်တွင်းမှ ဘန်ကာအချို့လည်း ပြိုကျပျက်စီးခဲ့ကာ ရဲစခန်းအနီးသို့ ကပ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသော ရန်သူ့ဘန်ကာအတွင်းမှ ပြန်လည်ပစ်ခတ်မှုကြောင့် စခန်းတွင်းဝင်ရောက်ရန် ကြန့်ကြာခဲ့ပြီး ထိတွေ့တိုက်ခိုက်မှုကြာချိန် မြင့်မားကာ လက်နက်ခဲယမ်း မလုံလောက်သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ထို့ပြင် ရေစကြိုမြို့နယ် တပ်မ(၁၀၁)လက်အောက်ခံ ခလရ ၂၅၆ ၊၂၅၇ ၊၂၅၈ တပ် ၃ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  ၆၀ မမ လက်နက်ကြီးများသာမက မောင်းသူမဲ့လေယာဉ်များဖြင့် ၃ နာရီကြာ တိုက်ခိုက်ခဲ့သောကြောင့် တပ်တွင်းမှ စစ်သားများ ထိခိုက်ခဲ့သည့်အပြင် အဆောက်ဦးများလည်း ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့တွေ မနေ့က စကစအထိုင်စခန်းတွေကို တိုက်ခိုက်ခဲ့လို့ သည်ကောင်တွေ တပ်ပျက်နေတဲ့ အနေအထားပေါ့။ တချို့ဆို စစ်မတိုက်ချင်တဲ့အနေအထားတွေ၊ စခန်းက ထွက်ပြေးတာတွေတောင်ရှိနေတယ်။ မနေ့က ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အလားအလာ တော်တော်ကောင်းပါတယ်။ ဒီကောင်တွေ စိတ်ဓာတ်စစ်ဆင်ရေးပိုင်းမှာပါ အတော်ပျက်ပြားနေပြီ။ ဒီနေ့ဆို နေ့လယ် ၁၂ မှ ညနေ ၃ နာရီမထွက်ရဆိုပြီး မာရှယ်လော ထုတ်ထားတယ်လို့ ကြားသိရတယ် ” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ထိုစစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၉) ၊ နွေဦးစစ်သည် YSO- ရေလယ်ကျွန်းဒေသစစ်ကြောင်း တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။