ကလေးမြို့ စစ်သား ၉ ဦးသေခဲ့သည့် စခန်းသိမ်းတိုက်ပွဲမှရရှိသော လက်နက်များ MOD ထုတ်ကြွား

Author လင်းနွေဦး
Categories
Published on Nov 09, 2023

စစ်သား ၉ ဦးသေဆုံးအောင်တိုက်နိုင်ခဲ့သော စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းယူရရှိခဲ့သော လက်နက်များကို NUG ကာကွယ်‌ရေးဝန်ကြီးဌာန(MoD)က ထုတ်ပြလာသည်။

နိုဝင်ဘာလ (၃) ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် လက်နက်များကို ယနေ့ နိုဝင်ဘာလ (၉) ရက်နေ့တွင် MoD ကထုတ်ပြလာခဲ့ခြင်းဖြစ်သည်။

ယင်းစခန်းသိမ်းတိုက်ပွဲမှ G-3 အမျိုးအစား သေနတ် (၆) လက်၊ MA (1) တစ်လက် ၊ MA (3) တစ်လက် ၊ MA Sniper (၁) လက် ၊ BA Uzi အမျိုးအစား (၁) လက်၊ ၉ လုံးကျည် ထိုး ဂျောက်ဂျက် (၂) လက် ၊ ၇၉ မမ ပစ် လောင်ချာ (၁) လက်၊ တစ်ထောင့်ထိုး လက်လုပ်တူမီး (၅)လက်၊ ကျည်အမျိုးမျိုးနှင့် ကျည်ဘောက်(၂၀)ခန့်၊ လက်ပစ်ဗုံးအချို့၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ဆက်သွယ်ရေးစက်များနှင့် ဟန်းဖုန်း အချို့အပြင် အခြားသော စစ်အသုံးအဆောင် အမြောက်အမြားတို့ပါဝင်သည်။

အဆိုပါ မြောက်စည်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၉) ဦး‌သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်မှ VAKOK-CNDF မှ ရဲဘော်(၁)ဦးနှင့် Ranger Malay Defend Force(RKDF) မှ ရဲဘော်နှစ်ဦးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ (၃) ရက်နေ့၌ တိုက်ခိုက်ခဲ့သော မြောက်စည်းစခန်းသိမ်းတိုက်ပွဲကို ကလေးခရိုင်တပ်ရင်း(၄)၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ RKDF နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပူးတွဲစစ်ဆင်ရေးဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုဝင်ဘာ (၃) ရက်နေ့ တစ်ရက်တည်းတွင် ပင် ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်မှ ရာဇဂြိုလ်ရွာအနီးရှိ အကျဉ်းစခန်း (၁) ၊ (၂) တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ယင်းနေ့ နံနက်ပိုင်း၌ PDF များနှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များမှ ခမ်းပတ်မြို့ရှိ စစ်ကောင်စီ စခန်းတပ်စွဲနေရာများကို တိုက်ခိုက်ခဲ့ကာ ဝိတုတ်ရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ခမ်းပတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာနိုင်ခဲ့သည်။