ကနီတွင် စစ်ကောင်စီထောက်ပို့သင်္ဘောယာဉ်တန်းတိုက်ခိုက်မှု သုံးရက်အတွင်း စစ်သား ၂၀ ကျော်သေဆုံး

Author မင်းထက်
Categories
Published on Nov 08, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် သောင်တင်နေသော စစ်ကောင်စီ ထောက်ပို့သင်္ဘောယာဉ်တန်းကို သုံးရက်ကြာတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးပြီး သ‌င်္ဘော ၂ စီးသိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာ၀န်ခံ AT မှ CJ Platform သို့ ပြောသည်။

ကနီမြို့မှ နို၀င်ဘာ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စ်ီထောက်ပို့ယာဥ် ၇ စီးသည် ချင်းတွင်းမြစ် အောက်ဘက်သို့ ဆင်းလာခဲ့ရာ ချင်းတွင်းမြစ်တစ်နေရာတွင် ၄ စီးသောင်တင်သွားခဲ့ပြီးနောက် ထိုသင်္ဘောပေါ်မှ စစ်ကောင်စီတပ်သားများသည် ကုန်းပေါ်ကိုတက်လာသည့်အတွက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ယင်းနေ့မှစတင်ပြီး ၆ ရက်နေ့အထိ ၃ ရက်တာ မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများအတွင်းမှ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ၁ နာရီကြာဖြစ်ပေါ်ခဲ့ပြီးနောက် ထောက်ပို့ သင်္ဘော ၂ စီးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခွေးတွေ ကုန်းပေါ်တက်လာတော့ ကျွန်တော်တို့အဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်တယ်။ ဒီ ၃ ရက်တာမှာ ခွေးအကောင် ၂၀ ကျော်သေဆုံးခဲ့တယ်” ဟု KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံ AT က ပြောသည်။

ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ ၂၂၊ ၂၃ KLG PDF နှင့် ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF၊ဒေသခံပကဖများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။