မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

Author မင်းထက်
Categories
Published on Nov 07, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း CDF-Matupi မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောကြားသည်။

 

ယမန်နေ့ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီခန့်တွင် မတူပီ-ငလိုင်ရွာကြားရှိ စောင်ထီယားရွာလမ်းခွဲသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀ ခန့် စစ်ကြောင်းနှစ်ကြောင်း ထိုးလာခဲ့ရာမှ CDF-Matupi နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့​သည်ဟု သိရသည်။

 

“စစ်ကြောင်းနှစ်ကြောင်း ထိုးလာတဲ့အတွက် မတူပီ-ငလိုင်ကြား စောင်ထီးယားလမ်းခွဲမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က တပ်ကြပ် ၁ ဦးနဲ့ တပ်သား ၁ ဦး သေတယ်။ ကျွန်တော်တို့မျက်မြင်မှာလည်း သေတဲ့ဟာကိုတွေ့တယ်” ဟု CDF-Matupi မှ တာ၀န်ရှိသူက ပြောသည်။

 

ထိုတိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီဘက်မှ ၂ ဦးသေ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီစခန်းနှင့် နီးသောကြောင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားသည့် CDF- Matupi တပ်ရင်းသည် လက်ရှိတွင် စစ်ကောင်စီတပ်ကို ဆက်လက်တွန်းလှန် တိုက်ထုတ်ရန် လက်နက်ခဲယမ်း လိုအပ်လျက်ရှိကြောင်း သိရသည်။