ကောလင်းက ပြည်သူများကို တော်လှန်ရေးအဖွဲ့များ ထိန်းသိမ်းစောင့်ရှောက်ထား

Author အဂ္ဂ
Categories
Published on Nov 07, 2023

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဟု အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ ကြေညာထားသော်လည်း လက်ရှိတွင် စစ်ရေးအခြေအနေအရ(လေကြောင်းအန္တရာယ်ရှိ)ပြည်သူများကို မြို့တွင်းပြန်လည်ဝင်ရောက်နေထိုင်ခွင့်မပြုသေးဘဲ မြို့ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ရှောက်ထားသည်ဟု Kawlin Revolution(KR)အဖွဲ့ထံမှ သိရသည်။

မြို့တွင်းရှိ ပြည်သူအားလုံးကို ကယ်ထုတ်ထားနိုင်ပြီး ယခုလက်ရှိတွင် ကောလင်းစစ်‌ရှောင်ဦးရေ (၅၀,၀၀၀) ဝန်းကျင်ကို မြို့နယ် ပအဖ အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဆက်သွယ်ရေးလမ်းပိတ်ဆို့ထားမှုကြောင့် ဆေးဝါး၊ ခြုံစောင်၊ စားသုံးဆီ၊ စက်သုံးဆီတို့နှင့် အခြေခံစားသောက်ကုန်များ လိုအပ်လျက်ရှိသည်ဟု KR အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ လေးရက်ကြာတိုက်ပွဲအတွင်း ဝန်းသို (၁၂၀) တပ်ရင်းမှ ပစ်ခတ်သော ဟောင်ဝှစ်ဇာလက်နက်ကြီး၊ ‌လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲတွင်းပစ်ခတ်မှုများကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဟု ယင်းအဖွဲ့က ဆိုသည်။

တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများရှိနေပြီး သေဆုံးခဲ့ရသည့်ပြည်သူစာရင်းကိုလည်း အချိန်တိုအတွင်းထုတ်ပြန်ပေးနိုင်ရန် မြို့နယ် ပအဖ အဖွဲ့ကို ဆက်သွယ်ထားဆဲဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

ကောလင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များ အလုံးစုံထိန်းချုပ်သိမ်းယူနိုင်ခဲ့ခြင်းသည် တော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း ခရိုင်အဆင့်မြို့တစ်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့များသိမ်းယူနိုင်ခဲ့သည့် ပထမဦးဆုံးဖြစ်စဉ်ဖြစ်သည်။

ကချင်ပြည်နယ်အစပ်တွင် တည်ရှိသော ကောလင်းမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးနှင့် တော်လှန်ရေးရဲဘော် ၆ ဦးအကျအဆုံးရှိခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။