ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ရက် ၃၀ အစ္စရေး-ဂါဇာစစ်ပွဲ

Author လင်းနွေဦး
Categories
Published on Nov 06, 2023

ဟားမက်စ်စစ်သွေးကြွတွေဘက်ကစတဲ့ စစ်ပွဲဟာ အစ္စရေးပြည်သူတွေ သေကြေပျက်စီးရသလို ပါလက်စတိုင်း ဂါဇာဒေသက ပြည်သူတွေဟာလည်း အတုန်းအရုန်းပါပဲ။

အောက်တိုဘာ ၇ ရက် မနက်ခင်းဟာ အစ္စရေးက မိသားစု‌တွေအတွက် ငရဲအတိ ကျခဲ့ရသလို အားလုံးဝမ်းနည်းပူဆွေးခြင်းတွေနဲ့ပါ။

ဟားမက်စ်တွေရဲ့ စစ်ဆင်ရေးအတွင်း အစ္စရေး ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး ဓားစာခံအဖြစ် ၂၀၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

ပါလက်စတိုင်း ဂါဇာဒေသမှာလည်း က‌လေးငယ် ၃၅၀၀ ကျော်အပါအဝင် ၉၀၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်သလို သုံးသောင်းကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

အခုတော့ နှစ်ဖက်ပေါင်း ပြည်သူ တစ်သောင်းကျော်သေစေတဲ့ စစ်ပွဲကာလ ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ ရက်ပေါင်း ၃၀ တစ်လပြည့်ပြီဖြစ်ပါတယ်။

ဒီကာလထဲ တာဝန်ထမ်းဆောင်ရင်း သတင်းထောက် ၃၆ ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။

ဘယ်သူတွေက ဘယ်ဘက်ကလဲ?

အင်အားကြီးစူပါနိုင်ငံ အမေရိကန်ပြည်ထောင်စုကတော့ အစ္စရေးနဲ့ နှစ် (၇၀) ကျော်နီးပါး ဆက်ဆံရေးကောင်းရှိတဲ့အလျောက် နည်းမျိုးစုံနဲ့ အစ္စရေးကို ထောက်ခံကူညီပေးနေပါတယ်။

တစ်ဖက်မှာလည်း ပါလက်စတိုင်း ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိစေဖို့ သူကပဲ ဦးဆောင် စတင် ညှိနှိုင်းတာမျိုးတွေ လုပ်ခဲ့တာပါ။

အမေရိကန်နောက်မှာ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီနဲ့ အနောက်နိုင်ငံများအပြင် အာဖရိကနိုင်ငံတချို့နဲ့ အာရှရဲ့ အင်အားတောင့်တင်းတဲ့ ဂျပန်၊ တောင်ကိုရီးယားတို့လို နိုင်ငံတွေရှိနေပါတယ်။

ဟားမက်စ် စစ်အုပ်စုတွေကိုတော့ အီရန်က မွေးထုတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် ဆိုနိုင်တာကြောင့် အီရန်က နောက်မှထောက်ထားပြီး အာရပ်နိုင်ငံတွေရှိနေပါတယ်။

အီရန်အပါအဝင် အာရပ်အုပ်စုတွေနဲ့ အကျိုးစီးပွားပတ်သက်မှုတွေရှိနေတဲ့ ရုရှားဟာလည်း အီရန်နဲ့အတူ ဟားမက်စ်တွေဘက်က သွယ်ဝိုက်ရပ်တည်လို့နေပါတယ်။

တရုတ်ဟာလည်း ရုရှားနည်းတူ အကျိုးစီးပွားမထိခိုက်ရေး အာရပ်တွေဘက်က ကာကွယ်ပြောဆိုပေးနေတဲ့အပြင် သူ့နိုင်ငံ အင်အားကြီးဖို့အတွက် ရသမျှကြိုးပမ်းနေတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်က ယခုစစ်ပွဲ စဖြစ်စဉ်က ဟားမက်စ်ရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခြင်းမရှိခဲ့သလို အစ္စရေးကိုလည်း ခုခံကာကွယ်ပိုင်ခွင့်နဲ့ပတ်သက်လို့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ပဋိပက္ခပြဿနာတွေ အားကောင်းလာချိန်နောက်ပိုင်းမှာတော့ တရုတ်ရဲ့ထိပ်တန်းသံတမန်ဖြစ်သူ Mr.Wang Yi (ဝမ်ယီ)က ” နိုင်ငံအားလုံးမှာ ကိုယ်ပိုင်ခုခံကာကွယ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ လုပ်ရပ်ဟာ ခုခံကာကွယ်ပိုင်ခွင့်ဘောင်ကနေ ကျော်လွန်ခဲ့ပြီ ” ဆိုပြီး ပြောကြားခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြခဲ့ပါတယ်။

“ဘယ်လိုထောက်ပံ့မှုတွေ ပြုလုပ်နေလဲ?”

အမေရိကန်နိုင်ငံကတော့ အစ္စရေးဆီကို ဒီစစ်ပွဲစပြီးရက်ပိုင်းအတွင်းမှာပဲ စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းများ အပြည့်တင်ဆောင်ထားတဲ့ လေယာဉ်တစ်စီး ပို့ဆောင်ခဲ့သလို လေယာဉ်တင် စစ်သင်္ဘောကြီး နှစ်စင်းကိုလည်း အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ထားခဲ့ပြီးဖြစ်ပါတယ်။

တစ်ဖက်တွင်လည်း အစ္စရေး ဝန်ကြီးချုပ်၊ အီရန် သမ္မတ တို့အပြင် ပါလက်စတိုင်း သမ္မတတို့နဲ့ ညှိနှိုင်းဆွေးနွေးမှုရယူကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပစ္စည်း အပြည့် တင်ဆောင်ထားတဲ့ လော်ရီကားကြီး ၂၀ စီးတို့ကို ဂါဇာနယ်စပ်ဒေသ ရာဖာဂိတ်ကိုဖြတ်ကာ ပို့ဆောင်ပေးခဲ့ပါတယ်။

အီဂျစ်ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ (၂) ရက် ကြာသာပတေးနေ့တုန်းက ကူညီထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကား(၁၀၆)စင်းကို ရာဖာဂိတ်ကနေဖြတ်ပြီး ဂါဇာ ဒေသတွင်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။

အီဂျစ်နိုင်ငံရဲ့ အာဏာပိုင်တွ ပြောကြားချက်အရ အမေရိကန်ရဲ့ ကူညီပေးမှုနဲ့ ဂါဇာဒေသတွင်းသို့ ပို့ဆောင်ပေးခဲ့တဲ့ လူသားချင်း စာနာထောက်ထားမှု ပစ္စည်းများတင်ဆောင်ထားတဲ့ ထရပ်ကားပေါင်း (၃၇၄)စင်း ပို့ဆောင်ပေးခဲ့ပြီးပြီလို့ CNN က ဖော်ပြပါတယ်။

ထိုမျှမကသေးဘဲ သမ္မတ ဂျိုး ဘိုင်ဒင်က အောက်လွှတ်တော် ဥက္ကဋ္ဌသစ် မိုက် ဂျွန်ဆင်နဲ့လည်း အိမ်ဖြူတော်မှာတွေ့ဆုံပြီး အစ္စရေး၊ ယူကရိန်းသာမက အကူအညီလိုအပ်တဲ့ နိုင်ငံတွေကို ကူညီပေးဖို့ ဒေါ်လာငွေ ၂၀၀ ဘီလီယံအထိ တောင်းဆိုထားတာကို ဆွေးနွေးခဲ့ပါတယ်။

“ပါလက်စတိုင်းအတွက်လည်း ဒေါ်လာသန်း(၁၀၀)အထိ လှူဒါန်းမှာဖြစ်သလို ဒီငွေတွေဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ ဒုက္ခများပြေလည်စေဖို့ဖြစ်တယ်” လို့ အစ္စရေးသို့သွားရောက်သောခရီးစဉ်အတွင်း မီဒီယာများ ရှေ့မှောက် မှာ ကတိပေးပြောကြားခဲ့ပါသေးတယ်။

အမေရိကန်ကို ပခုံးချင်းလိုက်ယှဉ်‌နေတဲ့ တရုတ်နိုင်ငံဟာ ပါလက်စတိုင်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာပါ။ သူတို့ရဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီး မော်စီတုန်း လက်ထက်ကတည်းက အစ္စရေး-ပါလက်စတိုင်း အရေးအတွက် ပါလက်စတိုင်းထံလက်နက်တွေ ပေးပို့ခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်းတွေ ရှိနေခဲ့ပါတယ်။

ယခုအခါ တရုတ်ဘက်မှ ပါလက်စတိုင်းဘက်ကို အကူအညီများပေးရန် ဆုံးဖြတ်ထားတယ်လို့ သိရပြီး တရုတ်အရာရှိများသာမက တရုတ်သမ္မတ ရှီကျင်ဖျင့်ကတောင် လွတ်လပ်သော ပါလက်စတိုင်းဖြစ်မြောက်ရန် တိုက်တွန်းအလေးပေးနေတယ်လို့ BBC နိုင်ငံတကာသတင်းမှာ ဖော်ပြပါတယ်။

ရုရှားဟာလည်း အီရန်နဲ့ အပေးအယူများရှိနေပြီး ဒီစစ်ပွဲကနေ အမြတ်ထွက်အောင် ကြံဆောင်ခဲ့ပါတယ်။ ကျူးကျော်စစ်အတွက် ကုန်ကျတဲ့ စရိတ်တွေ ကာမိစေဖို့ “ရေနံ “နဲ့ “လက်နက် နည်းပညာများ” လဲလှယ်မည်လောဆိုတဲ့ စစ်ရေးသုံးသပ်သူများဘက်မှ ထင်မြင်ယူဆခဲ့ကြတာတွေ ရှိနေခဲ့တာပါ။

ဒီလိုအချိန်မှာပဲ အစ္စရေးကို ဟားမက်စ်တွေဘက်က စတင်တိုက်ခိုက်ပြီး ရုရှားကို နိုင်ငံတကာရဲ့ မျက်စိဒေါက်ထောက် ကြည့်ခံရမှုကို ကယ်တင်ပေးလိုက်နိုင်တယ်ဆိုပေမယ့်လို့ နောက်ကွယ် မှာ လက်ဝါးချင်းရိုက် အသိပေးထားမှုရှိနေမှန်း သိသာထင်ရှားနေပြီး နှစ်ဖက်လုံးအတွက် Win-Win situation (သူနိုင် -ကိုယ်နိုင်) အနေအထားကို သမ္မတ ပူတင်တို့တစ်သိုက် ဖန်တီးနိုင်ခဲ့ပါတယ်။

နိုင်ငံရေးကစားကွက်တွေရဲ့ အကျိုးရလဒ်အဖြစ် တွေးကြည့်ရင် ပြေးကြည့်စရာ မလိုအောင်ခံနေရတဲ့ မြေစာပင် များကတော့ နှစ်ဘက်ပြည်သူများပါ။

ပျက်စီးဆုံးရှုံးမှုများလည်း အရေမတွက်နိုင်ရှိနေခဲ့ပြီဖြစ်သလို နှစ်ဘက် သေဆုံးမှုပေါင်းကလည်း တစ်သောင်းကျော် သွားပါပြီ။ ထုတ်ပြန်ချက် ကိန်းဂဏန်းတွေအရ အစ္စရေး ပြည်သူ ၁၄၀၀၊ ဂါဇာပြည်သူ ၉၀၀၀ ကျော် စုစုပေါင်း ၁၀,၄၀၀ ဦးဖြစ်ပါတယ်။

အောက်တ်ုဘာ ၇ ရက်က ကမ္ဘာပျက်သလို ခံစားခဲ့ရတဲ့ အစ္စရေးပြည်သူတွေရဲ့ ခံစားခဲ့ရမှုဟာ ပါလက်စတိုင်း ဂါဇာမြောက်ပိုင်းကို ရောက်ရှိနေပါပြီ။

ဂါဇာမြောက်ပိုင်းဒေသထဲ အစ္စရေးတို့ရဲ့ လေကြောင်းအပါအဝင် မြေပြင်ကနေပါ ထိုးစစ်ဆင်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူတွေ ကောင်းကောင်းမအိပ်နိုင်မစားနိုင်ဖြစ်နေခဲ့ရတာ တစ်လပင်ပြည့်ပါတော့မယ်။

ဒီလိုတစ်ချိန်ထဲမှာပဲ အမေရိကန်အပါအဝင် အနောက်‌နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပကောင်စီတို့ဘက်က အစ္စရေး-ဟားမက်စ်စစ်ပွဲရပ်ဖို့နဲ့ အစ္စရေးဘက်က ထိုးစစ်တွေကို ဆိုင်းငံ့ထားဖို့ အလေးပေးပြောလာနေကြပါပြီ။

ဥရောပကောင်စီ အဖွဲ့ဝင် ၂၇ နိုင်ငံအထိပါဝင်တဲ့ European Council(ဥရောပ ကောင်စီ)ကတော့ သူတို့ရဲ့ သဘောထားကို အခုလိုထုတ်ပြန်ပါတယ်။

” ဥရောပကောင်စီအနေနဲ့ ဂါဇာမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာယိုယွင်းပျက်စီးလာသော အခြေအနေများကို စိုးရိမ်ပူပင်နေပြီး လိုအပ်နေတဲ့ အထောက်အပံ့တွေ ရောက်ရှိစေရန် စစ်ပွဲကို ရပ်တန့်စေလိုတယ်” လို့ ဆိုပါတယ်။

အစ္စရေးကို ဒုတိယအခေါက်လာပြီးနောက် ဂျော်ဒန်နိုင်ငံမှာ အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ စနေနေ့က သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့ပါတယ်။

“ကျနော်တို့ အမြင် အရ အပစ်အခတ်ရပ်စဲရေးက ဟားမတ်စ်တွေ ပြန်ပြီး စုရုံးနိုင်ဖို့ အခွင့်ပေးလိုက်သလို ဖြစ်ပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုလို နောက်တခေါက် ထပ်လုပ်ခွင့် သာသွားမယ်” လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

ဆက်ပြီး သူက ” အစ္စရေးအနေနဲ့ တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ ဟားမက်စ်ခေါင်းဆောင်တွေကို ရှာဖွေရမယ့် တာဝန်ရှိတယ်လို့ ဆိုပါတယ်။ အစ္စရေးအနေနဲ့ သူ့ရဲ့ စစ်ရေး ရည်မှန်းချက်ဖြစ်တဲ့ ဟားမက်စ်အဖွဲ့ကို ချေမှုန်းနိုင်ရေး ဆောင်ရွက်နေချိန်မှာ လတ်တလော အရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအရ စစ်ကို ယာယီရပ်ဖို့ အရေးကြီးတယ်လို့ ဘလင်ကန်က ပြေပါတယ်။

အဲဒီ အတောအတွင်း အကူအညီတွေ ဂါဇာထဲ အမြန်ဝင်နိုင်ရေးနဲ့ ဂါဇာထဲက နိုင်ငံခြားသားတွေ ကယ်ထုတ်နိုင်ရေး လုပ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုကတော့ “ဖမ်းသွားတဲ့ ဓါးစာခံတွေမလွှတ်မချင်း အပစ်ရပ်မှာမဟုတ်ဘူး” လို့ သူ့ရဲ့ အင်စတာဂရန်လူမှုကွန်ရက်ကတစ်ဆင့်ပြောကြားပါတယ်။

ဒီတော့ ပါလက်စတိုင်း ဂါဇာပြည်သူတွေရဲ့ စစ်ပွဲရပ်ရေးမျှော်လင့်ချက်ဟာ “ရွှေပြည်တော် မျှော်တိုင်း ဝေးနေရပေဦးမယ်။

မြေစာပင် အရပ်သားတွေ ဒုက္ခပင်လယ်ဝေပြီး သေဆုံးမှုတွေ ဆက်လက်မြင့်တက်လာပေဦးမယ်။