တစ်ပတ်အတွင်း NUG မိုးလေဝသခန့်မှန်းချက်

Published on Nov 06, 2023

အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ညအပူချိန်လျော့ပြီး အေးလာနိုင်

ယခုအပတ်အတွင်း ပြည်တွင်းမိုးလေဝသထူးခြားချက်အနေဖြင့် လာမည့် နိုဝင်ဘာလ ၆ နှင့် ၇ ရက်များတွင် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့၌ ဆောင်းမုတ်သုံလေကို ဆက်လက်ခံစားရနိုင်ပြီး ညအပူချိန် အနည်းငယ်လျော့ကျကာ အအေးဓာတ်ခံစားလာရနိုင်ကြောင်း NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နို၀င်ဘာလ ၆ နှင့် ၇ ရက်အတွင်း မုတ်သုံလေဆုတ်ခွာခဲ့ပြီးသော်လည်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသအချို့တွင် မြောက်ဘက်မှလေအေးများနှင့် တောင်ဘက်မှလေနွေးများ ပေါင်းဆုံ၍ ပျံကျမိုးများရွာစေခြင်းများကြောင့် မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသခန့်မှန်းချက်များထုတ်ပြန်ပေးနေသည့် ထိုဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် နိုဝင်ဘာလ (၈-၉-၁၀-၁၁-၁၂)ရက်များတွင် အိန္ဒိယနိုင်ငံ အနောက်အလယ်ပိုင်းမှ လေဖိအားများဆဲလ်သည် ပြန်လည်အားလျော့ကျလာပြီး အနောက်ဘက်သို့ ဆုတ်ခွာသွားသဖြင့် မြန်မာနိုင်ငံတွင် တောင်ဘက်မှ ရေငွေ့ပါသောလေနွေးများ တကျော့ပြန်တိုက်ခတ်လာနိုင်ကာ ဆောင်းအအေးဓာတ် ပြန်လည်လျော့သွားနိုင်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့၌ နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းလာနိုင်ကို တွေ့လာရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။