တစ်ပတ်အတွင်း ဈေးကွက်သတင်း (အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၄ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 04, 2023

ယခုတစ်ပတ်(အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၄ အထိ)အတွင်း ရွှေ၊ ငွေ၊ စက်သုံးဆီဈေးကွက်ဟာ အရင်အပတ်ကထက် ဈေးကွက်အလှုပ်အခတ်ရှိခဲ့သလို ဈေးတွေလည်း ပြန်တက်လာပါတယ်။

 

စုစည်းရေးသားသူ – ကိုထားဝယ်

****************************************

 

“စံချိန်တင်ကမ္ဘာ့ဈေးနဲ့အတူ တစ်ကျပ်သား ၃၅ သိန်းခွဲအထိ ပြန်တက်တဲ့ ရွှေဈေး”

 

ကမ္ဘာ့ရွှေဈေးနှုန်းတွေ ဒီအပတ်ထဲ ပြန်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးကွက်မှာ အလှုပ်အခတ်တွေရှိခဲ့ပြီး ၁၆ ပဲရည်တစ်ကျပ်သားကို ၃၅ သိန်းခွဲလောက်အထိ မြင့်တက်ခဲ့တဲ့ရက်တွေရှိခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်အထိမြင့်တက်ခဲ့ပြီးနောက် မြန်မာ့ရွှေဈေးဟာလည်း တစ်ကျပ်သား ၃၅ သိန်းခွဲအထိ လိုက်မြင့်ခဲ့တာပါ။

 

ဒါပေမဲ့ နောက်ပိုင်းရက်တွေမှာ ကမ္ဘာ့ရွှေဈေးတဖြည်းဖြည်းပြန်ကျလာတဲ့အတွက် မြန်မာ့ရွှေဈေးဟာလည်း ပြန်ကျလာခဲ့ပေမယ့် ၃၅ သိန်းအောက်မရောက်ခဲ့ပါဘူး။

 

အောက်တိုဘာတစ်လလုံး အရောင်းအဝယ်မရှိတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်းတွေဟာ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၃ သိန်းနဲ့ ၃၄ သိန်းကြားမှာပဲ ငြိမ်သက်နေခဲ့ပါတယ်။

 

နိုဝင်ဘာလ အစမှာတော့ ကမ္ဘာ့ရွှေဈေးလှုပ်ခပ်လာမှုကြောင့် ပြည်တွင်းရွှေဈေးဟာလည်း အလှုပ်အခတ်ဖြစ်ပြီး ဈေးပြန်တက်လာခဲ့ပါတယ်။

 

လက်ရှိ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၉၂ ကျော်ရှိပြီး ပြည်တွင်းရွှေဈေးကွက်ထဲ ၁၅ ပဲရည် တစ်ကျပ်သားကို ကျပ် ၃၃ သိန်းကျော်နဲ့ ၁၆ ပဲရည် တစ်ကျပ်သားကို ၃၅ သိန်းကျော်ရှိနေပါတယ်။

****************************************

 

“ဈေးပြန်မာလာတဲ့ နိုင်ငံခြားငွေများ”

 

ကျန်ခဲ့တဲ့အပတ်ထဲ ကျပ်ငွေတန်ဖိုးမြင့်တက်လာတာကြောင့် နိုင်ငံခြားငွေဈေးတွေ ကျခဲ့ရပေမယ့် အခုတစ်ပတ်ထဲမှာ ပြန်တက်လာခဲ့ပါတယ်။

 

အမေရိကန်‌ဒေါ်လာဟာ ဒီတစ်ပတ်ထဲ တစ်ဒေါ်လာကို ၄၀ ကျပ်ဝန်းကျင်၊ စင်ကာပူ‌တစ်ဒေါ်လာကို ၃၅ ကျပ်ဝန်းကျင်၊ ထိုင်းတစ်ဘတ်ကို ၁ ဒဿမ ၇၄ ကျပ်တက်သလို တရုတ် ယွမ်၊ မလေးရှား ရင်းဂစ်၊ ဂျပန်ယမ်း၊ ကိုရီးယား ဝမ်၊ ယူရိုနဲ့ ဗြိတိန် ‌စတာလင်ပေါင်ဈေးနှုန်းတွေလည်း အသီးသီးမြင့်တက်ခဲ့ပါတယ်။

 

မြန်မာပြည်တစ်နှံ့တစ်လွှားက တိုက်ပွဲတွေနဲ့အတူ နယ်စပ်ကုန်သွယ်ရေးတွေလည်း ရပ်တန့်သလောက်နီးပါးဖြစ်ပေါ်နေချိန် ကျပ်ငွေတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ မြင့်တက်နေရတာပါ။

 

လတ်တလော အမေရိကန် တစ်ဒေါ်လာကို ၃၂၇၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာကို ၂၃၉၅ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၉၁ဒဿမ၇၄ ကျပ်၊ ဂျပန်တစ်ယမ်းကို ၂၁ဒဿမ၇၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၇၀၅ ကျပ်၊ တရုတ်တစ်ယွမ်ကို ၄၅၂ ကျပ်၊ ကိုရီးယားတစ်ဝမ်ကို ၂ဒဿမ၄၈ ကျပ်၊ တစ်ယူရိုကို ၃၅၁၂ ကျပ်နဲ့ ဗြိတိန်တစ်ပေါင်ကို ၃၉၇၀ ကျပ်ဈေးရှိနေပါတယ်။

****************************************

 

“ဆက်ဆွဲတင်ထားတဲ့ စက်သုံးဆီဈေး”

 

ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်နဲ့ နိုင်ငံခြားငွေကြေးဈေးနှုန်း ဖြစ်ပေါ်မှုတွေအရ ကျဆင်းရမယ့် စက်သုံးဆီဈေးနှုန်းတွေဟာ ဝိသမလောဘသားတွေရဲ့ လက်ချက်ကြောင့် ပြည်တွင်းမှာအဓိကသုံးစွဲတဲ့ အောက်တိန်းဆီဈေးနှုန်းတွေဟာ ဈေးမကျဘဲ သူတို့ဆွဲတင်ထားတဲ့ဈေးနဲ့ ရောင်းချနေဆဲပါ။

 

စက်သုံးဆီဈေးမြင့်တက်မှုကိုဖြစ်‌စေတဲ့ အမေရိကန်ဒေါ်လာဈေးနှုန်း အနည်းငယ်သာပြန်တက်သလို ကမ္ဘာ့‌ရေနံစိမ်းဈေးနှုန်းဟာလည်း အရင်အပတ်တွေကထက် တစ်စည်ကို အမေရိကန် ၆ ဒေါ်လာကျော်ခန့်ပြန်ကျခဲ့တာပါ။

 

ဒါပေမဲ့ ပြည်တွင်းမှာတော့ အောက်တိန်း 92 နဲ့ 95 တစ်လီတာကို ပြီးခဲ့တဲ့ တနင်္ဂနွေကဈေးထက် တစ်မျိုးကို ၁၅ မှ ၃၀ ကျပ်အထိဈေးတက်ရောင်းချနေတာပါ။ ရှားရှားပါးပါးအနေနဲ့ ဒီဇယ်ဆီဈေးတွေကတော့ တစ်လီတာကို ၇၀ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။

 

ကမ္ဘာ့ရေနံစိမ်းဈေးကွက်အတွင်း Brent ရေနံစိမ်း‌ဟာ အရင်ပတ်က တစ်စည်ကို အမေရိကန်ဒေါ်လာ ၉၂ ခန့် အထိရှိခဲ့ပေမယ့် အခုအပတ်ထဲ တစ်စည်ကို ၈၄ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။

 

လက်ရှိပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း 92 တစ်လီတာကို ၂၀၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို  ၂၁၉၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၂၄၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၂၃၅၀ ကျပ်ဈေးရှိပါတယ်။