ကြာအင်းဆိပ်ကြီးရှိ စစ်တပ် နေရာများကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်ဆင်ရေးလုပ်နေ၊ နှစ်ဖက်အကျအဆုံးရှိ

Author CJ Platform
Categories
Published on Nov 04, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ်အခြေစိုက်ရာနေရာ အများအပြားတွင် KNLA ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးဆင်နွှဲနေကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ တာ၀န်ခံ ကိုငြိမ်းက CJ Platform သို့ ပြောကြားသည်။

 

Operation 1027 ကို ကြိုဆိုပြီး ချိန်သားကိုက် စစ်ဆင်ရေးအများအပြား ပူးပေါင်းတပ်များနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၅၊ ၂၆၊ ၂၇ နှင့် နိုဝင်ဘာ ၂ ရက်နေ့တိုက်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးများရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

 

 

ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ရာ နေရာများနှင့် မြို့ပတ်ပတ်လည်ရှိ စစ်တပ်ဗျူဟာ/တပ်ရင်း နောက်တန်းဌာနချုပ်များကို စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကိုငြိမ်းက ဆိုသည်။

 

 

ထိုစစ်ဆင်ရေးစခဲ့သည့် အောက်တိုဘာလ ၂၅ ရက်တွင် ခလရ-၃၂ တပ်ရင်း ဗဟိုကင်းသို့လည်းကောင်း၊ အောက်တိုဘာလ ၂၆ ရက်တွင် ခလရ-၂၈၃ တပ်ရင်း ဗဟိုကင်းသို့လည်းကောင်း၊ အောက်တိုဘာလ ၂၇ ရက်တွင် ကြာအင်းဆိပ်ကြီးဗျူဟာသို့လည်းကောင်း Cloud Wings အဖွဲ့က ဒရုန်းဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် နိုဝင်ဘာလ ၂ ရက်  မြို့တွင်းတိုက်ပွဲများအတွင်း ခလရ-၃၂၊ ကြာအင်းဆိပ်ကြီးမြို့ရဲစခန်း၊ ဇမိခန်းမ၊ အားကစားရုံတို့အပါအဝင် စစ်ကောင်စီတပ်စွဲထားရာ နေရာအနှံ့အပြားကို ၁၀၇ မမ၊ ၈၁ မမ၊ ၆၀ မမ အစရှိသောဗုံးသီးများစွာ အသုံးပြု ကြဲချတိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

 

ထိုလေးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စွဲရာ နေရာအများအပြား ပြိုကျပျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒရုန်းအဖွဲ့ထံမှ သိရသည်။

 

 

အလားတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း Lion Battalion စစ်ကြောင်းမှူးအပါအဝင်၊ PDF ရဲဘော်အချို့ ကျဆုံးခဲ့ရပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် ကြာအင်းဆိပ်ကြီးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့မှုများကြောင့် အရပ်သားပြည်သူ ၂ ဦးခန့် သေဆုံးခဲ့ရပြီး ၂၀ ဦးခန့် ထိမှန်ဒဏ်ရာရရှိခဲ့ကာ ပြည်သူများ၏ နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း Cloud Wings အဖွဲ့က ထုတ်ပြန်သည်။

 

အဆိုပါတိုက်ခိုက်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ ဦးစီးမှုဖြင့်  Lion Battalion စစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ ဂဠုန်စစ်ကြောင်း၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Federal Wings၊ SDDF အစရှိသည့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့မှ အဆိုပါစစ်ဆင်ရေးကို ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။