တစ်ပတ်အတွင်း မြိုလေးမြို့နဲ့ တပ်စခန်းပေါင်း (၁၀၀) နီးပါး သိမ်းနိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး

Author အဂ္ဂ
Categories
Published on Nov 04, 2023

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) တို့ရဲ့ အောက်တိုဘာ (၂၇) ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာ ၂ရက်မှာ တစ်ပတ်ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ရှစ်ရက်မြောက်နေ့ဖြစ်တဲ့ ယမန်နေ့အထိလည်း စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေပြီး တစ်ပတ်တာအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းဟာ (၉၇) ခုအထိရှိလာနေပြီလို့ Operation 1027-3BHA ကတဆင့်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

 

ဒါ့အပြင် ညီနောင်မဟာမိတ်တပ်တွေဟာ ချင်းရွှေဟော်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ ဖောင်းဆိုင်မြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားခဲ့သလို စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) နယ်မြေသုံးခုကို လက်လွှတ်လိုက်ရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

 

တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ သံချပ်ကာ ကား (၆) စီးအပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရမိကြောင်း ညီနောင်တပ်ဖွဲ့များကထုတ်ပြန်ထားပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ များပြားလွန်းတဲ့အတွက် အရေအတွက် အတည်ပြုဖို့တောင် ခက်ခဲနေတယ်လို့လည်း MNDAA ပြောရေးဆိုခွင့်ရှိသူက အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါသေးတယ်။

 

ညီနောင်မဟာမိတ်တပ်တွေ သိမ်းယူနိုင်ခဲ့တဲ့ စစ်စခန်းတွေဟာ  ရှမ်းမြောက်တခွင် မှာသာမက မန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကတပ်စခန်းတွေပါ ပါဝင်ပါတယ်။ အခြားတော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွှတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မန္တလေး (PDF-MDY)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် အခြားမဟာမိတ်တပ်များကပါ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ယမန်နေ့ ညနေ ၅နာရီ၁၅မိနစ် အချိန်ထိ ထုတ်ပြန်ချက်မှာ ယမန်နေ့တစ်ရက်တာအတွင်း စခန်းသုံးခု ထပ်မံသိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့အတွက် ဒီကနေ့ သိမ်းယူမှုပါ ထည့်ပေါင်းရင် သိမ်းယူနိုင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့  စခန်းပေါင်း (၁၀၀) အထိဖြစ်လာမှာ ဖြစ်ပါတယ်။

 

တစ်ပတ်တာအတွင်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်စားတွေကျဆုံးခဲ့သလို ဒု-တပ်ရင်းမှူး (၁) ဦး၊ တပ်ခွဲမှူး(၂) ဦးအပါအဝင် တပ်သားဦးရေ (၄၁) ဦးရှိတဲ့ ခလရ(၁၄၃) ဟာလည်း ညီနောင်မဟာမိတ်တွေထံ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်ခဲ့သလို ကွမ်းလုံပြည်သူ့စစ် (၁၅) ဦးကလည်း လက်နက်ချအလင်းဝင်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ညီနောင်မဟာမိတ်တပ်တွေရဲ့ ထုတ်ပြန်စာမှာတော့ လက်နက်ချ အလင်းဝင်လာသူပေါင်း (၁၀၀) ကျော်ရှိနေပြီလို့ ဆိုသလို ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီဘက်ကလည်း ကရင်နီ(ကယား) ပြည်နယ်၊ ဖယ်ခုံမြို့ကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားအချို့ကို ရှမ်း(မြောက်)ကိုပို့ပြီး အင်အားဖြည့်တင်းသခဲ့သလို သံချပ်ကာကား(၂) စီး၊ စစ်တပ်ကား အစီးရေ(၃၀) ကျော်နဲ့ စစ်သည် အင်အား (၁၅၀) ကျော်ပါတဲ့ အားဖြည့်တပ်တွေကို ပြင်ဦးလွင်နောင်ချိုလမ်းပိုင်းတဆင့် ရှမ်း(မြောက်) ကိုစေလွှတ်ခဲ့ပါသေးတယ်။ ရှမ်း‌(မြောက်) သွားရာ လမ်းကြောမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်သားအချို့ ဖမ်းဆီးခံရတာ၊ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေလည်း ဖြစ်နေပါတယ်။

 

အခုလက်ရှိအချိန်ထိတော့ ရှမ်းမြောက်တခွင်မှာ စစ်ရေး တောက်လျှောက်တင်းမာနေပြီး တစ်ပတ်တာအတွင်းမှာပဲ စစ်ကောင်စီတပ်ဟာ မြို့လေးမြို့၊ စခန်းပေါင်း(၁၀၀) နီးပါးနဲ့ တင့်ကား(၆) စီးအပါအဝင် လူသူ လက်နက် ခဲယမ်းအမြောက်အမြားကို လက်လွှတ်ဆုံးရှူံးလိုက်ရပြီးဖြစ်ပါတယ်။ အသာစီးရနေတဲ့ ညီနောင်မဟာမိတ်တပ်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ရှမ်း(မြောက်) ဒေသကို ပိုမိုထိန်းချုပ်နိုင်ဖို့ တောက်လျှောက်ကြိုးပမ်းလျက်လည်းရှိပါတယ်။