ထိုင်းကုမ္ပဏီက တရားဝင်မြန်မာလုပ်သားများအလုပ်သမားရပိုင်ခွင့်များအပါအဝင် လုပ်အားခ ခေါင်းပုံဖြတ်ခံနေရ

Author လင်းနွေဦး
Categories
Published on Nov 03, 2023

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Prebuilt Public Company Limited တွင် အလုပ်လုပ်ကိုင်နေသော တရားဝင်မြန်မာအလုပ်သမားများ၏ လုပ်အားခများနှင့်အတူ အလုပ်သမားရပိုင်ခွင့်များချိုးဖောက်ခံနေရကြောင်း မြန်မာလုပ်သားတစ်ဦးက CJ Platform သို့ ပြောကြားသည်။

အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီကြီးလက်အောက်တွင် လက်ရှိ လုပ်ဆောင်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်များစွာရှိသည့်အနက် မြန်မာလုပ်သားအများစု လုပ်ကိုင်နေကြသည့် ဘန်ကောက်မြို့အနီးက Samut Prakarn(ဆမတ် ပါရကန်) ခရိုင်ထဲက လုပ်ငန်းခွင်(Site)တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင် မြန်မာအလုပ်သမားအေဂျင်စီဘက်မှ လုပ်သားပက်စ်ပို့သက်တမ်းတိုးခြင်းအတွက် ဘတ် ၁၅,၀၀၀ ခန့်သာကျသင့်မည်ဟုပြောဆိုထားခဲ့သော်လည်း ကုမ္ပဏီဘက်ကမူ လုပ်သားများ၏ သက်တမ်းတိုးခြင်း နှစ်မျိုးခွဲခြားထားပြီး ၆ နှစ်သက်တမ်းတိုးအတွက် တစ်ဦးလျှင် ဘတ် ၂၃,၀၀၀ သတ်မှတ်ထားကာ ၄ နှစ် သက်တမ်းတိုးအတွက် တစ်ဦးလျှင် ဘတ် ၁၇,၅၀၀ ထိ သတ်မှတ်ကောက်ခံနေကြောင်း သိရသည်။

ထို့ပြင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို လေးနှစ်အထိ ဗီဇာကြေး ဘတ် ၅၀၀ သာပေးဆောင်ရမည်ဟု ယခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်ထားသော်လည်း ကုမ္ပဏီဘက်မှပြလာသော စာရင်းအတွင်း ဗီဇာနှင့် လျှောက်လွှာကြေးကို ဘတ် ၂၄၀၀ ကောက်ခံထားကြောင်း ယင်းဆောက်လုပ်ရေးကုမ္ပဏီမှ မြန်မာလုပ်သားများက ဆိုသည်။

အခြားသော ကားခနှင့် အထွေထွေကုန်ကျစရိတ်များကိုလည်း ကုမ္ပဏီဘက်က ထည့်သွင်းကောက်ခံထားပြီးဖြစ်သော်လည်း အလုပ်သမားများမြန်မာနိုင်ငံအတွင်းသို့ Passport ကိစ္စအတွက် သွားရောက်ရာတွင် ကုန်ကျသည့် တံတားကူးခ၊ တုံးထုခ၊ ကယ်ရီခ တို့ကို အလုပ်သမားများက ကိုယ်တိုင်အိတ်စိုက်ခဲ့ရကြောင်း ၎င်းတို့က ပြောသည်။

” သူတို့က ခုဆို ပေးထားတဲ့အခန်းဆိုရင်လည်း ရေကြေး၊ မီးကြေးဆိုပြီး ၁၅ ရက်တစ်ခါ (၄၉၅)ဘတ်ကောက်တယ်။ ပြီးတော့ တခြား အခွန်ဆောင်တာနဲ့ ဘာတွေနဲ့ဆို ၁၅ ရက်ကို ဘတ်တစ်ထောင်လောက် ဖြတ်နေတာ။ ဘယ်လိုမှ မလောက် ငှဘူး” ဟု မြန်မာလုပ်သားတစ်ဦးက ပြောသည်။

တစ်ဆက်တည်းမှာပင် “ပြီးတော့ ရေလည်း ပုံမှန်မချိုးရဘူး။ ရေက ပုံမှန်ဖြည့်မပေးတော့ ကျွန်တော်တို့မှာ အလုပ်က ဆင်းလာရင် သူများပန်းကန်ဆေးတဲ့နေရာမှာ တန်းစီပြီး ရေချိုးရတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ခံစားနေရသော မတရားမှုနှင့် ခေါင်းပုံဖြတ် အနိုင်ကျင့်မှုများကို မြန်မာအေဂျင်စီဘက်သာမက မြန်မာ သံရုံး၊ အလုပ်သမားရုံးနှင့် အခြားသော အဖွဲ့အစည်းတို့ထံတင်ပြတိုင်ကြားခဲ့သော်လည်း “ဆောင်ရွက်ပေးပါမည်” ဟုသာ အကြောင်းပြန်ခဲ့သော်လည်း ထူးခြားလာခြင်းမရှိကြောင်း ဆောက်လုပ်ရေးလုပ်သားများက ပြောသည်။

ကိုစိုးမိုး(အမည်လွှဲ) အပါအဝင် အလုပ်သမားများ စုပေါင်းကာ ကုမ္ပဏီတာဝန်ရှိသူများထံ တင်ပြရန် တောင်းဆိုခဲ့သော်လည်း အလုပ်ခွင် အခေါ် (၃ ရစ်) အလုပ်သမားခေါင််််််းဆောင်အဆင့် ထိုင်းလူမျိုးနှင့်သာ တွေ့ရှိရပြီး အကျိုးအကြောင်းတင်ပြသော်လည်း လက်မခံဘဲ ငြင်းဆန်သည့်အပြင် “လိုင်းပေါ် သို့ ဓာတ်ပုံများတင်ပါက တရားစွဲဆိုမည်” ဟု ပင်ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ ကြုံတွေ့နေရသည်မှာ ကိုစိုးမိုး(အမည်လွှဲ)တို့၏ လုပ်ငန်းခွင် (Site )တစ်ခုတည်းမဟုတ်ဘဲ ယင်းကုမ္ပဏီ လက်အောက်ရှိ အခြားသော Sites များရှိ တရားဝင်မြန်မာရွှေ့ပြောင်း လုပ်သားများတွင်လည်း အလားတူ ခေါင်းပုံဖြတ်မှုများ ခံစားနေရကြောင်း သိရသည်။