နမ့်ခမ်း-မန့်ဝိန်းကြီးကြားရှိ ရွှေလီကြိုးတံတား စစ်စခန်းကို TNLA သိမ်းပိုက်

Author ခေတ်နီ
Categories
Published on Nov 03, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကို ဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ သတင်းထုတ်ပြန်သည်။

အဆိုပါတံတားရှိ စစ်တပ်စခန်းကို ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၆ နာရီ ၅၅ မိနစ်ခန့်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် (၄)လက်၊ 60MM ဗုံးသီး(၃၀)လုံး၊ RPG အသီး (၈)လုံး၊ လက်ပစ်ဗုံး(၅၀)လုံး၊ ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုပါသိမ်းဆည်းရမိကြောင်း TNLA က ဆိုသည်။

ယနေ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က ဆိုသည်။

ထိုနည်းတူ ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွှေလီတံတား ရဲစခန်းကိုလည်း TNLA မှ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။