ကွတ်ခိုင်တွင် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

Author ခေတ်နီ
Categories
Published on Nov 02, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကလိုင်ကျေးရွာကို စစ်ကောင်စီတပ်မှ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်း ၂ နာရီ ၃၀မိနစ်ခန့်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

ထိုဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလိုင်ကျေးရွာရှိ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

 

“ဗုံးကြဲခံရပြီးသေတာတော့ သိတယ်ဗျ ၊ဘယ်လိုဖြစ်တယ်ဆိုတာတော့ အသေးစိတ်မသိရဘူး၊ ဖြစ်တဲ့နေရာက ကျနော်တို့နဲ့ နည်းနည်းဝေးနေတယ် ဒီမှာက ပရဟိတအဖွဲ့တွေပါ လွတ်လွတ်လပ်လပ်သွားလို့မရတဲ့ အခြေအနေဖြစ်နေတော့လေ”ဟု ကွတ်ခိုင်အခြေစိုက် ဗြဟ္မစိုရ်နှလုံးသား ပရဟိတအဖွဲ့မှဆိုသည်။

 

ထိုဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားနေအိမ် (၃)လုံးနှင့် ကာလိုင်စျေးလည်း  ထိမှန်ပျက်ဆီးခဲ့သေးသည်။

 

ထိုနည်းတူ ယနေ့ညနေ ၄ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့်  နမ့်ဖက်ကာ အရိယာန်ရွာမရှိ အသက် ၆၅ နှစ်အရွယ် ဒေသခံကချင်အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသည်။