နယ်မြေကျော်စစ်ရေးလှုပ်ရှားမှုပြုလုပ်ပါက တိုက်ထုတ်မည်ဟု ‘ဝ’ တပ်ကြိမ်းဝါး

Published on Nov 01, 2023

ကိုးကန့်ဒေသတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း ၎င်းတို့၏ နယ်နမိတ်များကိုကျော်လွန်ကာလေကြောင်း၊ ကြည်းကြောင်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်ပါက ပြန်လည်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းထုတ်​ပြန်ချက်မှန်ကန်ကြောင်း လားရှိုးအခြေစိုက် UWSA ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက အတည်ပြုပြောဆိုသည်။

မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲ အင်အားအကြီးဆုံးဖြစ်သော UWSA က မြောက်ပိုင်းညီနောင်အဖွဲ့၏ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်မှုအပေါ် ရပ်တန့်ရန်နှင့် စားပွဲထက်တွင် ဆွေးနွေးရန် တိုက်တွန်းထားသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် မည်သည့်အင်အားစုဘက်ကမျှ ပါဝင်တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ဆိုထားသည်။

သို့သော် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လေကြောင်း၊ ကြည်းကြောင်းအားဖြင့် နယ်မြေကျော်လွန်လာသည့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု မှန်သမျှကိုမူ တုန့်ပြန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း UWSA က ကြိမ်းဝါးသည်။

ခြွင်းချက်မရှိ ၎င်းတို့ ဒေသနယ်မြေနှင့် ဒေသတွင်း အခြေချနေထိုင်လျက်ရှိသည့် ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် အပြည့်အဝရှိသည်ဟု ‘ဝ’ တပ်ဖွဲ့က ဆိုထားသည်။

လက်ရှိတိုက်ပွဲများကြောင့် ‘ဝ’ဒေသတွင်းသို့ နေရပ်စွန့်ခွာထွက်ပြေးလာရသည့် စစ်ဘေးရှောင်ပြည်သူများကို အခမဲ့ကူညီစောင့်ရှောက်သွားမည် ဖြစ်ကြောင်း UWSA ၏ ထုတ်ပြန်ချက်အတွင်းဆိုထားပြီး လက်ရှိတွင် “ဝ”ဒေသအတွင်း စစ်ဘေးရှောင်​​ဦးရေ ငါးထောင်ကျော်ခိုလှုံ့နေရကြောင်း သိရသည်။

လက်ရှိ မြောက်ပိုင်းညီနောင်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးသည် အရှိန်ကောင်းနေဆဲဖြစ်ပြီး စစ်တပ်စခန်း ၈၀ ကျော်သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းပိုက်ထားနိုင်ခဲ့သည်။