ကိုဗစ်ဖြင့် ကျောင်းသူတစ်ဦးသေဆုံးခဲ့သည့် အုတ်တွင်းအထက်တန်းကျောင်း၌ ဆရာမအပါအဝင်ငါးဦးတွင် ပိုးထပ်မံတွေ့ရှိ

Author အောင်နိုင်သူ
Categories
Published on Sep 08, 2022

ကိုဗစ်ရောဂါဖြင့် ခုနှစ်တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့သည့် အုတ်တွင်းအထက်တန်းကျောင်းကို ယမန်နေ့က ကျန်းမာရေးစစ်ဆေးခဲ့ရာ ဆရာမအပါအဝင်ငါးဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံတွင် အုတ်တွင်အထက်တန်းကျောင်း၌ ကျောင်းတက်နေသော ၇တန်းကျောင်းသူတစ်ဦး စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းကကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့ပြီး ကျောင်းကိုစစ်ဆေးခဲ့ရာမှကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“အုတ်တွင်း အထက်တန်းကျောင်းနှစ်ကျောင်းကို ကျန်းမာရေးက စစ်တယ် အ.ထ.က(ဗောဓိကုန်း) ကျောင်းမှာ မတွေ့ဘူး ကျောင်းသူသေသွားတဲ့ အ.ထ.က (အုတ်တွင်း)မှာတွေ့တာ ဆရာမသုံးဦးရယ် ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦးဆီမှာ တွေ့တာ”ဟု ပြောပြသည်။
ကလေးများကို စာသင်နေသော ဆရာမသုံးဦးသည် ကိုဗစ်ဖြစ်နေသည်ကို မသိရှိဘဲ စာသင်နေ၍ ကလေးများကို ကူးစက်ခဲ့တာဖြစ်သည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“ဆရာမတွေက ကိုဗစ်ဖြစ်နေတယ် ကလေးတွေကိုပါ ကူးနေတာ ဒါတောင် စစ်လိုက်လို့ မစစ်ရင်သိမှာတောင် မဟုတ်ဘူး”ဟု ရှင်းပြသည်။
အုတ်တွင်းမြို့နယ်ရှိ အထက်တန်းကျောင်းနှစ်ကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ ငါးရာကျော်ကို ယမန်နေ့ ကျန်မာရေးဦးစီးဌာနက စစ်ဆေးရာအုတ်တွင်းအထက်တန်းကျောင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ ငါးဦးတွေ့ရှိ၍ ကျောင်းကိုယာယီပိတ်ထားသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“အခုတော့ ကျောင်းကို ဆေးဖြန်းတာတွေ လုပ်နေတယ် အစောကြီးကတည်းက ပိတ်ရမှာ”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် ကျောင်းသားမိဘတွေအနေဖြင့် ပိုးသတ်ဆေးဖြန်းပြီး ကျောင်းကိုပြန်လည်ဖွင့်လှစ်မှာ စိုးရိမ်နေကြသည်ဟု မြို့ခံတွေဆီက သိရသည်။