၀က်လက်က အရပ်သားသုံးဦး စစ်တပ်ဒရုန်းကြောင့် ထိခိုက်ဒဏ်ရာများရ

Author မင်းထက်
Categories
Published on Nov 01, 2023

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အတွင်းသို့ စဥ့်ကူးမြို့နယ်ရှိ ပျူစောထီးကျေးရွာထဲမှ စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးသီးချ၍ အရပ်သား ၃ ဦးထိမှန်၍ ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဝက်လက်မြို့နယ်က ဒေသခံပြည်သူများထံမှ သိရသည်။

၀က်လက်မြို့နယ်သို့ အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စဉ့်ကူးမြို့နယ် ပျူ‌ေစာထီးအဖွဲ့ဝင်များ‌နေထိုင်သည့် ရွာသာယာရွာမှ စစ်ကောင်စီလက်အောက်ခံတပ်သားများသည် ဒရုန်းတစ်စီးဖြင့် ဗုံးသီးချိတ်ကာ ဝက်လက်မြို့နယ် သက်ရက်ပင်ရွာပေါ်ရှိ ပြည်သူများပေါ်သို့ ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲထိုသို့ အပြစ်မဲ့ပြည်သူများအပေါ် ဗုံးသီးချခဲ့မှုကြောင့် အသက် ၁၃ နှစ် အရွယ် ယောက်ျားလေး ၂ ဦး လက်မောင်းနှင့် ကျောဘက် ထိမှန်ခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း၊ အသက် ၁၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးသည် လက်ဖျား ထိမှန်ခဲ့ကြောင်း သိရသည်။

“လက်မောင်းထိမှန်ခဲ့တဲ့ကလေးကတော့ လက်ဖြတ်ရမယ့်အနေအထားရှိပြီး ကျောဘက်ထိမှန်တဲ့ကလေးကတော့ လောလောဆယ် ဘာမှတော့မကြားရသေးဘူး။ အသက်အန္တရာယ်စိုးရိမ်နေရတယ်” ဟု Wetlet Informational Network မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် ထိုကဲ့သို့သော ဗုံးသီးချတိုက်ခိုက်ခြင်းများကို စဥ့်ကူးနှင့် ၀က်လက်မြို့နယ်များတွင် မကြာခဏပြုလုပ်နေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

” အခုလို ဗုံးသီးချတာက တစ်ခါမက၊ နှစ်ခါလည်းမက၊ ဆယ်ခါလောက်ကိုရှိတယ်။ စဥ့်ကူးဆို ဟင်္သာကြီးဘက်တို့၊ ၀က်လက်ဆို သရက်ပင်ဆိပ်၊ ရေလည်မွန်၊ ကမ်းဖြူဘက်ဆို ခဏခဏချတယ်။ အရင်က ရေလည်မွန်ဖက်ဆို အဆောက်အဦးပေါ်တည့်တည်ကျတယ်။ မော်ဦးဖက်ဆိုလည်း အဆောက်အဦးပျက်စီးတာတွေရှိခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နို၀င်ဘာလ ၁ ရက်နေ့တွင် ဝက်လက်မြို့နယ်အနောက်ခြမ်း တိုက်ကုန်းရွာတွင် ညအိပ်တပ်စွဲနေသော အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းသည် ပင်းဇင်းရွာထဲသို့ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အနောက်ဘက်ရှိ လှတောရွာဘက်သို့ ဦးတည်သွားခဲ့ကြောင်း သိရသည်။