ယခုရက်ပိုင်းအတွင်း မြန်မာသို့ ဆောင်းစဝင်ပြီ၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတွင် အအေးဓာတ် ခံစားရနိုင်

Published on Oct 30, 2023

မြန်မာနိုင်ငံ ဒေသအချို့တွင် အောက်တိုဘာ ၃၀ မှ နို၀င်ဘာ ၅ ရက်အတွင်း ဆောင်းမုတ်သုံလေစတင်ဝင်ရောက်လာချိန် ဖြစ်ပါသဖြင့် ညအချိန်များတွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ အအေးဓာတ်ကို ခံစားလာရနိုင်ကြောင်း NUG လက်အောက်ခံ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် နံနက်ပိုင်းတွင် မြူများလည်း ထူထပ်စွာ ကျဆင်းလသည်ကို တွေ့လာရနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်သည်။

ထူးခြားချက်အနေဖြင့် ယခုလာမည့်ရက်သတ္တပတ်အတွင်း (အရှေ့မြောက်မုတ်သုံရာသီ)စတင်၍ အသွင်ကူးပြောင်းကာလဖြစ်ရာ မြန်မာနိုင်ငံမြောက်ပိုင်းမှစတင်ကာ မြောက်-အရှေ့မြောက်ဘက်မှလေအေးများ စတင်ဝင်ရောက်လာနိုင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ညအခါများ၌ စတင်အေးလာနိုင်ပါကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၃၀ မှ နို၀င်ဘာ ၅ ရက်အထိ တစ်ပတ်အတွင်း မုတ်သုံလေဆုတ်ခွာခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံဒေသအချို့တွင် အရှေ့လေပွေလှိုင်းများကြောင့်လည်းကောင်း၊ မုန်တိုင်းငယ်လေးများကြောင့်လည်းကောင်း မြောက်ဘက်မှလေအေးများသည် တောင်ဘက်သို့အရှိန်အဟုန်နှင့် ထိုးဆင်းလာပြီး တောင်ဘက်မှ လေနွေးများနှင့် ပေါင်းဆုံ၍ ပျံကျမိုးရွာစေခြင်းများကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် မိုးအသင့်အတင့်ရွာနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။