ဂါဇာဒေသခံတွေက အကူအညီပေးရေးစင်တာတွေထဲ ချိုးဖောက်ဝင်ရောက်ပြီး ဂျုံမှုန့်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လုယူ‌သွားတယ်လို့ UN ပြော

Author အဂ္ဂ
Categories
Published on Oct 30, 2023

ထောင်နဲ့ချီတဲ့ ဂါဇာဒေသခံတွေဟာ ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီ (UNRWA) ရဲ့  ကုန်ပစ္စည်း သိုလှောင်ရုံတွေနဲ့ ဖြန့်ဖြူးရေးစင်တာတွေထဲ ချိုးဖောက်ဝင်ရောက်ပြီး ဂျုံမှုန့်တွေ၊  ရှင်သန်ရေးအတွက် အခြေခံလိုအပ်တဲ့ပစ္စည်းတွေကို လုယူသွားခဲ့တယ်လို့ အဆိုပါ အဖွဲ့အစည်းက တနင်္ဂနွေနေ့ (အောက်တိုဘာ၂၉) မှာ ပြောဆိုခဲ့ကြောင်းကို ရိုက်တာသတင်းဖော်ပြချက်အရ သိရပါတယ်။

 

“စစ်ပွဲက သုံးပတ်ကြာခဲ့ပြီ ဖြစ်သလို ဂါဇာဒေသကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားခဲ့တဲ့အတွက် အရပ်ဘက်အမိန့် ပျက်ပြယ်သွားတဲ့ စိုးရိမ်စရာ လက္ခဏာတစ်ခုဖြစ်ပါတယ်” လို့  ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Deir al-Balah မြို့မှာရှိတဲ့ ကုန်ပစ္စည်းသိုလှောင်ရုံတွေထဲက တစ်ခုဟာ UNRWA ရဲ့ အီဂျစ်ကိုဖြတ်ပြီး ဂါဇာကိုရောက်လာတဲ့ လူသားချင်းစာနာထောက်ထားမှု ယာဉ်တန်းက အထောက်အပံ့ပစ္စည်းတွေ သိုလှောင်ထားရာနေရာလည်း ဖြစ်ပါတယ်။

 

အောက်တိုဘာ (၇) ရက်နေ့မှာ ဟားမက်စ်တွေရဲ့ စတင်တိုက်ခိုက်မှုကြောင့် လူပေါင်းရာချီသေဆုံးခဲ့ရမှုကို တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က ပါလက်စတိုင်းဘက်ခြမ်းက လူနေထူထပ်ရာနေရာတွေကို ဗုံးတွေကြဲချခဲ့သလို ဂါဇာဒေသတဝိုက်ကို အထောက်အပံ့ပေးပို့မှုတွေကိုလည်း အစ္စရေးဘက်က ပိတ်ဆို့ဖြတ်တောက်ထားခဲ့တာလည်းဖြစ်ပါတယ်။

 

“အီဂျစ်ကတဆင့် ထရပ်ကားတွေနဲ့ ဂါဇာကမ်းမြောင်ဒေသကို သယ်လာတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ မလုံလောက်တဲ့အတွက် ဈေးကွက်တွေထဲ အထောက်အပံ့ပစ္စည်းတွေဟာ ကုန်နေပါပြီ၊ အခုလက်ရှိ ခေတ်စနစ်အရကလည်း  ဂါဇာဒေသကို လူသားချင်းစာနာထောက်ထားမှု ယာဉ်တန်းထပ်ရောက်လာဖို့အစီအစဉ်က ပျက်သလောက်ဖြစ်နေပါပြီ” လို့ UNRWA က ဆိုပါတယ်။

 

“လူ့အဖွဲ့အစည်းရဲ့ အခြေခံအသက်ရှင်နေထိုင်ရေးတစ်ခုတည်းအတွက် လိုအပ်ချက်တောင်မှ အလွန်ကြီးမာပါတယ်၊ ကျွန်တော်တို့ ရရှိနေတဲ့ အထောက်အပံ့တွေကတော့ မစို့မပို့လေးပဲဖြစ်ပြီး တသမတ်တည်းလည်းရှိမနေပါဘူး” လို့ ဆက်ပြောပါတယ်။

 

UNRWA ကတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သူတို့ရဲ့ ဝန်ထမ်း (၅၀) ကျော် သေဆုံးခဲ့ရသလို ထောက်ပံ့ရေးအတွက်သွားလာမှုမှာလည်း အကန့်အသတ်တွေရှိနေတာကြောင့်  ဂါဇာဒေသက လူတွေကို ကူညီဖို့အတွက် အခဲအခဲ၊ အကန့်အသတ်တွောအများကြီး ရှိနေတယ်လို့ ဆိုပါတယ်။ ပဋိပက္ခမဖြစ်ပွားခင်ကတည်းကလည်း အဖွဲ့အစည်း  ရံပုံငွေနည်းပါတာကြောင့် လုပ်ပိုင်ခွင့်မှာ ထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

 

ပထမ အစ္စရေး-အာရပ်စစ်ပွဲအပြီး ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ UNRWA အဖွဲ့အစည်းဟာ ဂါဇာ၊ အနောက်ဘက်ကမ်း၊ ဂျော်ဒန်၊ ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာ ရှိတဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အပါအဝင်ဖြစ်တဲ့ အများပြည်သူအတွက် ဝန်ဆောင်မှုတွေ ပေးနေခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။