လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒုက္ခများစွာဖြင့် ကြုံတွေ့နေရသည့် ပြည်သူများ၏ တီးတိုးသံ

Author CJ Platform
Categories
Published on Oct 29, 2023

“ဖယောင်းတိုင်လေးနဲ့  မှောင်မှိက်ညတွေပေါ့။”

 

ရန်ကုန်မြို့၊ သာကေတမြို့ခံတစ်ဦး

 

မီးပြတ်တောက်တာက အချိန်နဲ့ မီးပေးတာ။ ဥပမာ- အစ်မတို့ ရန်ကင်းဘက်မှာဆို မနက် ၉ နာရီ ဒီနေ့လာရင် နောက်နေ့ ၉ နာရီပျက်။ သာကေတဘက်ကတော့ ပုံမှန်အချိန်မရှိဘူး။ မီးမလာတော့ မနက်ဆို ထမင်းအိုးကို အရင်လို မီးမွှေးတည်နေရတယ်။ မီးသွေး၊ ထင်းပြန်ဝယ်ထားရတယ်။ ဖုန်းလိုင်းတွေပါ တစ်ခါတလေကျသွားလို့Digital Marketing အပိုင်းကလူတွေဆိုရင် အလုပ်အဆင်မပြေတာတွေရှိတာပေါ့။ ကျန်တာတွေကတော့ သိတဲ့အတိုင်းပေါ့။ဖယောင်းတိုင်လေးနဲ့  မှောင်မှိက်ညတွေပေါ့။

အရင်လိုအချိန်တွေကတော့ သတိအရဆုံးပေါ့။ အရင်ချိန်တွေပြန်ရဖို့ကိုမမျှော်လင့်ရဲတော့ပါဘူး။ မြေပြင်မှာတိုက်နေရတဲ့သူတွေကိုသနားလို့။

****************************************

“မီတာ ယူနစ်တွေကိုလည်း ငွေကြေးပိုကောက်ခံလာသလို လျှပ်စစ်မီးကိုလည်း အချိန်မှန်လေး လာစေချင်ပါတယ်။”

 

ရန်ကုန်မြို့၊ ကြည့်မြင့်တိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦး

 

မီး ပုံမှန်ချိန်တွေထက် ပိုပျက်လာတယ်။ မီးပျက်တာများတော့ ရုံးသမားဆိုတော့ ထမင်းချိုင့်တွေနောက်ကျတယ်။ စားစရာတွေဝယ်ထားမိတော့ ရေခဲသေတ္တာမရတော့ အလေလွှင့်ဖြစ်တာများတယ်။ အသားတွေဆို ပုပ်ကုန်တယ်။ လျှပ်စစ်မီးကို အကုန်နီးပါးသုံးနေရပါတယ်။ ဥပမာ ရေတင်တာက အစပေါ့။ အချိန်တွေ ပုပ်လာတယ်။ အဆုံးရှုံးတွေက အများကြီးပါ။ မီတာ ယူနစ်တွေကိုလည်း ငွေကြေးပိုကောက်ခံလာသလို လျှပ်စစ်မီးကိုလည်း အချိန်မှန်လေး လာစေချင်ပါတယ်။

****************************************

” မီးလာတာနဲ့ တပြိုင်နက်ထဲ ဖုန်းအားတွေသွင်း၊ အဝတ်လျှော်စက်နဲ့ အဝတ်လျှော်၊ ထမင်းချက်၊ ဟင်းတွေချက် အဲဒီလိုကိစ္စတွေကို ထလုပ်နေရတာပေါ့။”

 

ပဲခူးတိုင်း၊ ပဲခူးမြို့ခံတစ်ဦး

 

ကျနော်နေတဲ့ပဲခူးမြို့က မီးအရမ်းပျက်တာဗျာ။ ပျက်တာတော့ တစ်နိုင်ငံလုံးပျက်တာဆိုပေမယ့် ကျနော့်မြို့က မီးကတော့ အချိန်နဲ့ပေးတာတောင် အချိန်ကမမှန်ဘူး။ တစ်ခါတလေ ၃၊ ၄ နာရီလောက်ပဲ လာပြီး ပျက်သွားလိုက်၊တစ်ခါတလေ တစ်နေကုန်မလာဘဲ ည ၁ နာရီ၊ ၂ နာရီမှလာတဲ့အခါတွေဆို အရမ်းစိတ်နာစရာကောင်းတယ်။ ကျနော်တို့အိမ်က ဆပ်ပြာဆီလုပ်ငန်းကိုလုပ်တယ်။ တစ်နိုင်တပိုင်ထုတ်လုပ်ပြီး ပြန်ရောင်းတာပေါ့ဗျာ။ ဆပ်ပြာဆီလုပ်ဖို့က လူအားရော၊ စက်အားရော လိုတယ်လေ။ အဲဒီတော့ ပြောချင်တာကဗျာ။ မီးက အဲဒီလို ညဘက်ကြီးလာမှ ကျနော်တို့တွေက အဲဒီဆပ်ပြာဆီထုတ်ဖို့ စက်တွေထမောင်းနေရတာပေါ့ဗျာ။ အဲဒီလို မီးလာတာနဲ့ တပြိုင်နက်ထဲ ဖုန်းအားတွေသွင်း၊ အဝတ်လျော်စက်နဲ့ အဝတ်လျှော်၊ ထမင်းချက်၊ ဟင်းတွေချက် အဲဒီလိုကိစ္စတွေကို ထလုပ်နေရတာပေါ့။ကမန်းကတန်း မီးမလာတဲ့ညတွေဆို ကျနော်တို့ ဖယောင်းတိုင်လေးတွေနဲ့ ကျနော်တို့ငယ်ငယ်က ဘိုးတော်တွေ လက်ထက်ကိုပြန်ရောက်သွားတာပေါ့ဗျာ။ အတိတ်ကိုပြန်လည်ဆွဲချခေါ်ဆောင်ပေးတဲ့အစိုးရကိုလည်း _ပါပဲလို့ ပြောချင်တယ်။ တော်တော်ကို ဒုက္ခရောက်အောင် ဒုက္ခပေးနိုင်တဲ့ အာဏာရှင်တွေပါဗျာ။ ခေတ်ပျက်ကြီးထဲ ရှင်သန်ရတာခက်ခဲလွန်းပါတယ်။

****************************************

 

“မီးအချိန်ပြည့်ပေးပါ။ ဒါ လူ့အခွင့်ရေးပါ”

 

ရန်ကုန်မြို့မှ ကျောင်းသားလူငယ်တစ်ဦး

 

အချိန်မှန်းဆလို့ မရဘဲ ပျက်ချင်းတိုင်းသာပျက်ပါတယ်။ နေ့စဥ်လူနေမှုဘဝအတွက် အဆင်မပြေ အတော် ဖြစ်ပါတယ်။ မီးကို အားကိုးရတဲ့ အလုပ်ရှိပါတယ်။ ကောင်းမွန်စွာ ရှင်သန်နေထိုင်ဖို့အခက်ခဲတွေ ဖြစ်လာပါတယ်။ ဥပမာ ထမင်းဟင်းချက် တာဝန်ယူထားရတဲ့ အမျိုးသမီးများအတွက်ဆိုရင် လျှပ်စစ်မီး ပုံမှန်မရတဲ့အတွက်ကြောင့် ၎င်းတို့ရဲ့ ချက်ပြုတ်ရေး အိမ်မှုကိစ္စတွေကို အချိန်ပိုကြာမြင့်စွာ ပေးနေရပါတယ်။ ဒီ့အတွက် အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ အခြားနယ်ပယ်တွေမှာ ဖွံ့ဖြိုးဖို့ အတားအဆီးပါပဲ။ ဒါ့ကြောင့်  အခြေ ခံ လူ့အခွင့်ရေးဆုံးရှုံးပါတယ်။ မီးအချိန်ပြည့်ပေးပါ။ ဒါ လူ့အခွင့်ရေးပါ။