စပါးရယ် ဝါဝါ
စပါးရယ် ဝါဝါဝင်းဆိုပြီး စာဆိုတို့ တင်စားကြသလို တေးရေးတို့လည်း သီးချင်းအဖြစ် ရေးစပ်သီကုံးကြတဲ့ စာသားလေးဖြစ်ပါတယ်။
အခုတော့ ဒီစပါးဝါဝါလေးတွေ စိုက်ခင်းတွေကနေ ဆင်းသက်လာနေကြပါပြီ။
စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အဓိကစားနပ်ရိက္ခာဖြစ်တဲ့ စပါးကို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ရိက္ခာအဖြစ်လည်း စုဆောင်းတတ်ကြတာပါ။
ဒါ့အပြင် တိုက်ပွဲတွေနဲ့ ရာသီဥတုဒဏ်တွေကြောင့် စိုက်ပျိုးဒေသတွေမှာ စပါးခင်းပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းဝါဝါတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး ဖျက်ဆီးတတ်ကြသေးတာပေါ့။
စစ်ကိုင်း၊ ပဲခူးတိုင်းတို့အပြင် ရခိုင်လိုနေရာတွေမှာလည်း တောင်သူတွေ စပါးကောင်းကောင်း မစိုက်နိုင်ခဲ့ကြပါဘူး။
ဒါကြောင့် ဒီနှစ်စပါးထွက်ရှိမှုဟာ ပြည်တွင်းစားသုံးမှုအတွက် လုံလောက်မှုရှိပါ့မလားဆိုတဲ့စိုးရိမ်ချက်တွေအပြင် ဆန်ဈေးဆက်ကောင်းနေမှာကို စိုးရိမ်နေကြပါတယ်။
စပါးအသစ်ပေါ်တဲ့အခါ စပါးဈေးကျသလို ဆန်သစ်တွေကြောင့် ဆန်ဈေးလည်းကျတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ နိုင်ငံရဲ့အခြေအနေဆိုးကြောင့် အရင်နှစ်တွေကလို ဆန်ဈေးကျဆင်းနိုင်ပါ့မလား။
တစ်ဖက်မှာလည်း လုပ်အားစိုက်သူ တောင်သူတွေရဲ့ အဆီအနှစ်ကို ထုတ်ယူစားသုံးဖို့ ဝိသမလောဘသားတွေကလည်း စောင့်ကြိုနေကြပါတယ်။
အခုတော့ မြန်မာနိုင်ငံရဲ့ အဓိက စိုက်ပျိုးသီးနှံဖြစ်တဲ့ စပါးတွေ ဒေသအသီးသီးမှာ ရိတ်သိမ်းနေကြပါပြီ။
အဲဒီလိုပဲ ဆန်စပါးအများဆုံးထွက်ရှိတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်တဲ့ ဧရာဝတီတိုင်းမှာလည်း ရိတ်သိမ်းသူတွေ ရိတ်သိမ်းနေကြပေမယ့် အောက်တိုဘာလနှောင်းပိုင်းမှ ရိတ်မယ့်သူတွေကလည်း ကျန်ရှိနေပြန်ပါတယ်။
ဝင်းမှည့်နေတဲ့ စပါးသီးနှံစိုက်ခင်းတွေနဲ့ ညနေခင်း အလှတရားကို ရှုစားနိုင်ဖို့ CJ Platform ရဲ့ Photo Essay ကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။