မုတ်သုံဆုတ်သော်လည်း လေဖိအားနည်းရပ်ဝန်းကြောင့် မုန်တိုင်းဖြစ်နိုင်ဟု NUG ဆို

Published on Oct 23, 2023

မြန်မာနိုင်ငံ ဒေသအချို့တွင် အောက်တိုဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း မုတ်သုံလေဆုတ်ခွာမည်ဖြစ်သော်လည်း လေဖိအားနည်းရပ်၀န်းမှတစ်ဆင့် အားကောင်းသောမုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်သည်။

ထိုမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးအသင့်အတင့်ရွာနိုင်သော်လည်း ရေကြီးရေလျှံဖြစ်နိုင်သည်အထိ မိုးမကြီးနိုင်ကြောင်း လူစာနာနှင့် ဘေးစီမံဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းလေဖိအားနည်းရပ်၀န်းသည် သိသိသာသာအားမကောင်းသော်လည်း အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လေဖိအားနည်းမြှောင်တန်းအဖြစ် ပြောင်းလဲရောက်ရှိသွားနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုထားသည်။

ယင်းဖြစ်စဉ်နှင့်ဆက်စပ်လျက် မြန်မာနိုင်ငံမြောက်ပိုင်းမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုဖြစ်ပေါ်ခဲ့ကြောင်း NUG ၏ ဝန်ကြီးဌာနက ဆိုသည်။

ထူးခြားချက်အနေဖြင့် ယခုလာမည့်ရက်သတ္တပတ်အတွင်း နွေမုတ်သုံမှ ဆောင်းမုတ်သုံ(အရှေ့မြောက်မုတ်သုံရာသီ)သို့ စတင်ကူးပြောင်းမည့် အသွင်ကူးပြောင်းကာလဖြစ်လာသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှစတင်ကာ မြောက်-အရှေ့မြောက်ဘက်မှ လေအေးများ စတင်ဝင်ရောက်လာနိုင်ကြောင်း၊ လာမည့် နိုဝင်ဘာလလယ်ခန့်တွင် ဆောင်းမုတ်သုံ၏ ထင်ရှားသောလက္ခဏာများကို ခံစားလာရနိုင်ကြောင်း ယင်းဌာနက ဆိုသည်။

ယခုနှစ်မုတ်သုံလေသည် မြန်မာနိုင်ငံ မြောက်ပိုင်း‌ဒေသများမှ အောက်တိုဘာ ၁၆ ရက်၊ အလယ်ပိုင်းဒေသများမှ အောက်တိုဘာ ၁၈ ရက်၊ မြစ်ဝကျွန်းပေါ်ဒေသများမှ အောက်တိုဘာ ၂၀ ရက်နှင့် မြန်မာနိုင်ငံအောက်ပိုင်း(တပြည်လုံး)မှ အောက်တိုဘာ ၂၂ ရက်တွင် ဆုတ်ခွာသွားခဲ့ပြီးဖြစ်ကြောင်း NUG ၏ ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ထားသည်။