အစ္စရေး-ဂါဇာ စစ်မီး လဝက်ကျိုးပြီ

Published on Oct 23, 2023

အစ္စရေးနဲ့ ဂါဇာအခြေစိုက် ဟားမက်စ်တို့ကြား ဖြစ်နေတဲ့ စစ်ပဋိပက္ခက လဝက် အချိန်နှစ်ပတ်တာဆိုတဲ့ ကာလကို ကျော်လွန်လာပါပြီ။

အစ္စရေးတို့က ပထမအပတ်အစမှာ ခဏတာ အထိနာသွားပါတယ်။ ပြည်သူတွေ ဓားစာခံအဖြစ် ဖမ်းဆီးခံရတာ၊ နိုင်ငံတွင်းကို မြေပြင်ရော ဝေဟင်ကပါ ထိုးစစ်ဆင် ဖောက်ထွင်းဝင်ရောက်ခံရတာတွေကြောင့် အစ္စရေးပြည်သူတွေ ရာကျော် ထောင်ချီ သေဆုံးခဲ့ရတာပါ။ အဲ့ဒီနောက်တော့ ပထမအပတ် နှောင်းပိုင်းက စပြီး ဟားမက်စ် အခြေစိုက်ရာ ဌာနေမှန်သမျှကို အစ္စရေးတို့က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတာကြောင့် အရပ်ဘက်၊ စစ်ဘက် ထိခိုက်သေဆုံးမှုတွေ ရက်ခဏနဲ့တင် ထောင်ချီသွားပါတယ်။

အစ္စရေးတို့က ဂါဇာတင်မကဘဲ ဂါဇာနဲ့ ပတ်သက်ဆက်နွယ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အခြေစိုက်ရာ လက်ဘနွန်နဲ့ ဆီးရီးယားတို့လို နေရာတွေကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ အီဂျစ်ကနေ တဆင့် ဂါဇာထဲကို ဝင်ရောက်မဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ခွင့်ရရှိထားပါပြီ။

နှစ်ပတ်တာ ကာလအတွင်းမှာ အစ္စရေး-ဟားမက်စ် အင်အားစုနှစ်ခုက သေဆုံးမှု ထောင်ချီပါတယ်။ ထိခိုက်မှုက သောင်းကျော်ပါ။

အောက်တိုဘာလ ၂၂ ရက်၊ ညနေ (၆) နာရီအထိ နောက်ဆုံးထား ရရှိထားတဲ့ နိုင်ငံတကာသတင်းဌာနတွေက သတင်းတင်ပြချက်တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ စစ်ရေးစောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွေက ရရှိထားတဲ့ အချက်အလက်တွေအရ အစ္စရေးဘက်က သေဆုံးမှု ၁၄၀၀ ကျော်နေပါပြီ။ ဒီစာရင်းထဲမှာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ ပါဝင်ပါတယ်။

ဂါဇာမှာတော့ သေဆုံးမှုက ၄၆၀၀ ကျော်ပါ။ အစ္စရေး သေဆုံးမှုနှုန်းနဲ့ သုံးဆခန့် ပိုများပြီး အဲ့ဒီ အရေအတွက်ထဲမှာ ကလေးသူငယ်နဲ့ အမျိုးသမီး သေဆုံးမှုက ၃ ချိုး ၁ ချိုးရှိတယ်လို့ သိရပါတယ်။ သေဆုံးသူအများစုက လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ် အောက်တိုဘာ ၁၄ ရက်နေ့က ဂါဇာမှာ သေဆုံးမှု စုစုပေါင်းက ၂၃၀၀ နားမှာ ရှိနေတာပါ။ ထိခိုက်ဒဏ်ရာ ရရှိမှုက ၉၀၀၀ နီးပါးပါ။ တစ်ပတ်တာ ကာလအတွင်းမှာတင် သေဆုံးမှုနှုန်းက နှစ်ဆခန့် တက်လာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုက ၁၅၀၀၀ နား ကပ်နေပါပြီ။

နှစ်ပတ်တာ ကာလကို ရောက်နေပြီ ဖြစ်တဲ့ နှစ်ဖက် ပဋိပက္ခအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ကြက်ခြေနီတွေ၊ သတင်းထောက်တွေ၊ မီးသတ်သမားတွေ၊ ဒေသဆိုင်ရာ ကူညီကယ်ဆယ်ရေးသမားတွေ သေဆုံးမှု ပမာဏ အမြောက်အများရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂါဇာကို ဗုံးကျဲမှုမှာ ဆေးရုံတစ်ခုကို ထိမှန်ခဲ့လို့ ဆေးရုံတွင်းက စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမက်စ်တို့ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

နောက်ဆုံးရထားတဲ့ သတင်းတွေ အနေနဲ့ကတော့ အစ္စရေးအနေနဲ့ ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ ပြောကြားလာပါတယ်။ အစ္စရေးမြေပြင်တပ်တွေအနေနဲ့ ဂါဇာထဲကို ဝင်ပြီး ဟားမက်စ်တို့ကို အမြစ်ဖြတ်ချေမှုန်းဖို့ စစ်ဆင်ရေးတွေ လုပ်တော့မှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောကြားလာပါတယ်။

ဂါဇာမြောက်ပိုင်းဒေသမှာ ကျန်ရှိနေသေးတဲ့ ပါလက်စတိုင်း ပြည်သူတွေကိုလဲ တောင်ဘက်ကို အမြန်ဆုံး ရွေ့ပြောင်းကြဖို့ သတိပေးထားပါတယ်။ ဆေးရုံတွေမှာ ခိုလှုံနေသူတွေကိုလဲ ရွေ့ပြောင်းဖို့ မှာကြားထားပေမဲ့ ဒါဟာ လူနာတွေကို ‘သေဒဏ်’ ပေးတာ ဖြစ်တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ညက ဂါဇာကမ်းမြှောင်ဒေသကို ညလုံးပေါက် လေကြောင်းထိုးစစ်ဆင်ခဲ့တာကြောင့် လူ ၅၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ AFP ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အစ္စရေးတို့အနေနဲ့ မြေပြင်ထိုးစစ်အဆင့်ကို မကူးခင်မှာ လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတာမျိုး ဖြစ်ပြီး အဲ့ဒီလိုလုပ်မှသာလျှင် စစ်ပွဲရဲ့ နောက်တဆင့်အတွက် တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုတွေ နည်းသထက် နည်းမှာလို့ ဆိုလာတာပါ။

အစ္စရေးစစ်တပ်က ဟားမက်စ်တို့ရဲ့ ကွပ်ကဲရေးဌာနတစ်ခုလို့ ထင်ရနိုင်တဲ့ အနောက်ဘက်ကမ်း (West Bank) မှာရှိတဲ့ ဂျီနင်း (Jenin) က ဗလီတစ်လုံးကိုလဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ခန့်မှန်းချေ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ လူသေဆုံးမှု အတိအကျကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

အဲ့ဒီ ဂျီနင်းမှာပဲ ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကိုလဲ ဗုံးထိမှန်ခဲ့တာကြောင့် ပါလက်စတိုင်း ကလေး ၅ ဦးအပါအဝင် ဒုက္ခသည် ၁၃ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ UN ဖော်ပြချက်အရ သိရပါတယ်။

ဂါဇာကမ်းမြှောင်က စစ်ရှောင်တွေအနေနဲ့ အခြေခံစားနပ်ရိက္ခာ အတော်များများ လိုအပ်နေပြီး နောက်ထပ် သုံးလတာ ဒီလိုအခြေအနေနဲ့ တောင့်ခံနိုင်ဖို့ ဒေါ်လာ သန်း ၇၀ ကျော် အရေးပေါ် လိုအပ်နေကြောင်း သိရပါတယ်။ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ အဓိက လိုအပ်နေတာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စလို့ အီဂျစ်ဘက်ခြမ်းကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းတွေ နယ်စပ်ဂိတ်ကနေ ဖြတ်သန်းလာကြပေမဲ့ အရေအတွက်များလွန်းတဲ့ ဒုက္ခသည်တွေအတွက် ဘယ်လိုမှ လောက်ငှမှုမရှိဘူးလို့ ဆိုတာပါ။

ကုလက ဂါဇာထဲ ထောက်ပံ့ပေးထားတဲ့ လောင်စာဆီတွေကလဲ သုံးရက်အတွင်းမှာ ပြတ်လပ်တော့မှာဖြစ်ကြောင်း ကုလရဲ့ ထိပ်တန်းအရာရှိတစ်ဦးက ဆိုပါတယ်။