ကန်ပက်လက်မြို့တွင်း စစ်တပ်တပ်စွဲထားသောနေရာများကို တပြိုင်တည်းဝင်တိုက်၊ စစ်သား ၂ ဦးသေဆုံး

Author မင်းထက်
Categories
Published on Oct 21, 2023

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်၌ စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နေရာများသို့တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-ကန်ပက်လက်(CDF-Kanpetlet)က ယနေ့အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့အောက်တိုဘာ ၂၀ ရက် နံနက် ၆ နာရီမှစတင်၍ စစ်ကောင်စီတပ်များ ခြေကုပ်နေရာယူထားသည့် ထွေအုပ်ရုံး၊ စာသင်ကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ် ပညာရေးမှူးရုံးနေရာများသို့ ၅ နာရီကြာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။

CDF- Kanpetlet တပ်ဖွဲ့ဝင်များသည် စစ်ကြောင်း ၅ ကြောင်းခွဲကာ တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ကန်ပက်လက် CDF က ဆိုသည်။

အဆိုပါတိုက်ခိုက်ခဲ့မှုတွင် CDF ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကန်ပက်လက်အဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကန်ပက်လက်မြို့အတွင်း စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲများဖြစ်နိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးရာနေရာများ၌ နေထိုင်ခြင်းမပြုရန် CDF-Kanpetlet က သတိပေးထုတ်ပြန်သည်။