ယခုအပတ်အတွင်း မုတ်သုံဆုတ်မည်၊ ရေကြီးရေလျှံဘေးမှကင်းလွတ်ပြီဟု NUG ထုတ်ပြန်
မြန်မာနိုင်ငံက ယခုနှစ်အတွက် မိုးတွင်းကာလသည် ယခုအပတ်အတွင်းပြီးဆုံးပြီဖြစ်ပြီး ရေကြီးရေလျှံဘေးမှလည်း အလုံးစုံကင်းလွတ်ပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနထံမှ သိရသည်။
အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာ ၁၇ မှ ၂၃ ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းမှစတင်ကာ တစ်ပြည်လုံးဆုတ်ခွာနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ ဒေသအချို့တွင် အောက်တိုဘာလ ၉ မှ ၁၅ ရက်အတွင်း မုတ်သုံအဆုတ်မိုးရွာနိုင်သေးသော်လည်း မိုးမများနိုင်တော့ကြောင်း ထိုဝန်ကြီးဌာနက ဆိုသည်။
မုတ်သုံအဆုတ်မိုးသည် ရေကြီးရေလျှံဖြစ်နိုင်လောက်သည်အထိ မဖြစ်နိုင်ကြောင်း NUG လူစာနာနှင့် ဘေးစီမံဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထူးခြားချက်အနေဖြင့် ယခုလာမည့်ရက်သတ္တပတ်အတွင်း ဗီယက်နမ်ကမ်းခြေမှ အစပျိုးလာသောလေပွေလှိုင်းတစ်ခုသည် မုတ္တမကွေ့မှတစ်ဆင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ရောက်ရှိလာနိုင်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ဆက်စပ်လျက် မြန်မာနိုင်ငံတောင်ပိုင်းနှင် အောက်ပိုင်းမှတစ်ဆင့် ရှမ်းပြည်နယ်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း NUG ၏ ဝန်ကြီးဌာနက ဆိုသည်။
ယခုနှစ်မုတ်သုံလေသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ အောက်တိုဘာ ၁၇ ရက်၊ အလယ်ပိုင်းဒေသများမှ အောက်တိုဘာ ၁၈ ရက်၊ မြစ်ဝကျွန်းပေါ်ဒေသများမှ အောက်တိုဘာ ၂၁ ရက်နှင့် မြန်မာနိုင်ငံအောက်ပိုင်း(တစပြည်လုံး)မှ အောက်တိုဘာ ၂၃ ရက်တွင် ဆုတ်ခွာသွားနိုင်ကြောင်း လူစာနာနှင့် ဘေးအန္တရာယ်စီမံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။