ပရဟိတယာဥ် မတော်တဆဖြစ်ပြီး ပရဟိတအဖွဲ့ဝင်တစ်ဦးနှင့် လူနာ တစ်ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Oct 17, 2023

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ ညပိုင်းက အရေးပေါ်လူနာ တင်ဆောင်လာသည့် ပရဟိတ ယာဥ်တစ်စီး မတော်တဆ တိမ်းမှောက်မှုဖြစ်ပြီး ပရဟိတအဖွဲ့ဝင်တစ်ဦးနှင့် အရေးပေါ်လူနာတို့ သေဆုံးခဲ့ကြောင်း အဆိုပါဖြစ်စဥ်အား လိုက်ပါကူညီခဲ့သူများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် အရေးပေါ်လူနာအား ခေါ်ဆောင်လာသည့် we love care burmaအသင်း၏ လူနာတင်ယာဥ်သည် လမ်းဖြတ်ကူးသူတစ်ဦးအား တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးတွေ ရပ်ထားသည့် ကုန်ကားတစ်စီးအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“သူတို့က လူနာက စိုးရိမ်ရတဲ့အနေအထားရှိလို့ သွားခေါ်ပြီး ပြန်လာတာပေါ့၊ အဲ့လမ်းမှာ လူတယောက်က ဖြတ်ပြီးပြေးတာကို ရှောင်လိုက်တာပေါ့ ဘရိတ်နင်းထားတော့ လည်ထွက်သွားပြီး ဘေးကရပ်ထားတဲ့ ကုန်ကားနဲ့ သွားရိုက်မိသလို ဖြစ်သွားတာ”ဟု E.M.S NMDG Ygn ပရဟိတအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ယာဥ်မတော်တဆမှုကြောင့် လူနာတင်ယာဉ်ပေါ်ပါ အရေးပေါ်လူနာနှင့် we love care Burma ပရဟိတ အဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ကောင်လေးက မျိုးကိုထွေးလို့ခေါ်တယ် ၊မွေးတာရက်ပိုင်းပဲရှိသေးတဲ့ သူ့သားလေးနဲ့ သူ့မိန်းမကျန်ခဲ့တယ်ပေါ့၊ တခြားဒဏ်ရာရတဲ့သူတွေလည်း ဆေးရုံမှာပါပဲ”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများမှာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဓာတ်ပုံ – medical လူငယ်များ လူမှူကူညီရေးအသင်း