ရွေ့ပြောင်းလုပ်သားတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတစ်ခုမှာ ပညာသင်ကြားပေးနေသူ CDM ပညာရေးဝန်ထမ်းတစ်ဦးရဲ့ တီးတိုးသံ
အခု နယ်စပ်ရွေ့ပြောင်းကျောင်းတွင် အလုပ်ရတာ မကြာသေးပါဘူး၊ ဒီမှာက မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေနဲ့ မတူဘူး လက်တွေ့နဲ့ စာတွေ့ကွဲပြားတယ်၊ အခုရွေ့ပြောင်းကျောင်းတွေရဲ့ ပညာရေးကို ပိုသဘောကျတယ်။
ဒီမှာက ရွေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေအတွက် စာသင်ကျောင်းပေါင်းက ၆၄ကျောင်းရှိတယ်။ ကျောင်းသားဦးရေများတော့ အကြို၊အပို့ကားတွေ ခက်ခဲတာပေါ့၊ ကလေးတွေရဲ့ ခွန်အား၊ကျန်းမာရေးက အတော်လေး အခက်တွေ့တယ်၊ တချို့ဆို မနက်ကို ကျောင်းချိန်ထက် ၂နာရီလောက်စောထလာရပြီး ၂နာရီလောက် အိမ်ပြန်နောက်ကျတယ်။ အကြိုအပို့ကားက နည်းတော့ နှစ်ခေါက်သုံးခေါက်လောက် ပြန်ခေါ်ရတာကိုး။
ကျောင်းတွေမှာ ဆရာ၊ဆရာမတွေအတွက် နားနေဆောင်မရှိဘူး၊ အားကစားခန်းမတွေမှာ ဆင်းနားရတယ်။ တစ်နှစ်ထက် တစ်နှစ် ကျောင်းသားဦးရေက အရမ်းများလာတော့ ဒီနှစ်ဆို ကျနော်တို့ကျောင်းမှာ ကျောင်းသားဦးရေ ၁၂၀၀ကျော်ထိကို လက်ခံခဲ့ရတယ်။
ဒီမှာက မြန်မာပြည်မှာလို့ သင်ရိုးညွှန်းတန်းတစ်ခုထဲနဲ့ ဖွင့်ကြတာမဟုတ်ဘူး၊ ကျောင်းတိုင်းက သူ့သင်ရိုးနဲ့သူဖြစ်နေတာ ဖွင့်ချိန်၊ပိတ်ချိန်ကအစ မတူဘူး။
ကျနော်တို့ကျောင်းဆိုရင် ဘာသာစုံဖြစ်နေလို့လား မသိဘူး ထိုင်းနိုင်ငံရဲ့ အခါကြီးရက်ကြီးတွေကလွဲရင် ပိတ်တာမရှိသလောက်နည်းတယ်။
ရွေ့ပြောင်းလုပ်သားတွေအတွက် ကျောင်းတွေမှာက အခုမှစတက်တဲ့ ကလေးတွေအတွက်က အရမ်းကောင်းတယ်၊ အတန်းကြီးတွေမှာတော့ social science ဆိုပြီး physics, chemistry ,bio ဆိုတဲ့ ဘာသာ ၃ခုလုံးကို ပေါင်းသင်ပေးရတော့ ကျနော်သိပ်အားမရချင်ဘူး။