နမ့်ခမ်းက မူကြိုကလေးငယ် ပြန်ပေးဆွဲသည့်အဖွဲ့ကို TNLA ပစ်ခတ်ဖမ်းဆီး၊ ၁ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိ

Author လဂွန်းအိမ်
Categories
Published on Oct 11, 2023

ရှမ်းပြည်နယ်‌(မြောက်ပိုင်း) နမ့်ခမ်းမြို့ရှိ မူကြိုအရွယ်ကလေးငယ်တစ်ဦးကို ယမန်နေ့က ပြန်ပေးဆွဲသွားသည့်အဖွဲ့ကို TNLA မှ ပိတ်ဆို့ဖမ်းဆီးရာတွင် တစ်ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံမှ သိရသည်။

ယင်းမြို့ စာရေးတန်းရပ်ကွက်နေ ၄ နှစ်အရွယ် မူကြိုကလေးငယ်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ဖခင်ဖြစ်သူက ဆိုင်ကယ်ဖြင့် မူကြိုကျောင်းလိုက်ပို့စဉ် ကားနှစ်စီးဖြင့် ဆိုင်ကယ်နောက်မှလိုက်ပါလာသည့်ကလေးငယ်ကိုဖမ်းဆီးသွားခြင်းဖြစ်သည်။

” ကလေးငယ်ကို အချိန်မီကယ်တင်နိုင်ခဲ့ပြီး မိဘဆီပြန်အပ်ခဲ့တယ်။ ကလေးကတော့ လက်မောင်းမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာရသွားတယ်။ ပြန်ပေးအဖွဲ့ကိုတော့ ဖမ်းဆီးရမိပြီး စစ်ဆေးနေတုန်းပဲရှိပါသေးတယ်။ အရှင်ဖမ်းမိသူ ၂ ဦးလုံးကတော့ မြန်မာနိုင်ငံသားတွေပါ” ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က CJ Platform သို့ ပြောပါသည်။

TNLA က နမ့်ခမ်း-နမ့်ဖက်ကာလမ်းတွင် ပြန်ပေးစွဲကားနှစ်စီးကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ တစ်စီးလွတ်သွားပြီး တစ်စီးပေါ်မှပြန်လည်ပစ်ခတ်သဖြင့် TNLA ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် ပြန်ပေးသမား ၁ ဦးသေဆုံးကာ ၂ အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့နောက် လွတ်မြောက်သွားသည့်ကားကို လိုက်လံဖမ်းဆီးရာ ကားရပ်ထားခဲ့ပြီး လူများကိုယ်လွတ်ရုန်းသွားခဲ့ကြောင်း TNLA ထံမှ သိရည်။

ထိုသို့ဖမ်းဆီးမှုတွင် ပြန်ပေးအဖွဲ့ထံမှ ပစ္စတို ၂ လက်၊ အိမ်စီးကား ၂ စီး၊ မြန်မာကျပ်ငွေ၊ တရုတ်ယွမ်ငွေ၊ ဖုန်း ၃ လုံး၊ မှတ်ပုံတင်နှင့် တရုတ်နိုင်ငံဝင်ခွင့် ဗီဇာကတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။