ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုမှ သတင်းပြန်ကြားရေးနှင့် ထောက်ပို့ တာဝန်ခံ ကို Rain Moe နှင့် ဆက်သွယ်မေးမြန်းမှု

Author မင်းထက်
Categories
Published on Oct 11, 2023

ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုသည် ယင်းမာပင်-ဆားလင်းကြီးနယ်မြေအတွင်းရှိ လက်လုပ်အဖွဲ့လေးများနှင့် တပ်ရင်းရှိတပ်ခွဲများကို စည်းဝေးပြီး နယ်မြေအတွင်း အဖွဲ့များစည်းလုံးအောင်ဆွေးနွေးတိုင်ပင်ကာ ဖွဲ့စည်းထားသည့်အဖွဲ့တစ်ခုဖြစ်သည်။ ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် စစ်ဆင်ရေးများစွာဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီလက်အောင်ခံ တပ်သားများ ၃၀ ဦးထက်မနည်း ရှင်းလင်းနိုင်ခဲ့ကာ မြေပြင်တွင် ယခုထက် ပိုများနိုင်သည်အထိ ချေမှုန်းထားနိုင်သည်။

ထိုအဖွဲ့မှ မည်သို့သော Mission များကိုဖော်ဆောင်ပြီး အာဏာရှင်ကို တော်လှန်နေပုံ၊ မည်သို့သော အခက်အခဲများနှင့်ရင်ဆိုင်နေရပုံ၊ တပ်ဖွဲ့ဝင် အဆုံးအရှုံးတို့နှင့်ပတ်သက်၍ CJ Platform သတင်းဌာနမှ သတင်းပြန်ကြားရေးနှင့် ထောက်ပို့ တာဝန်ခံ ကို Rain Moe နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေးမြန်းသူ- မင်းထက်

CJ – ပထမဆုံးအနေနဲ့ ယခုလက်ရှိ ဆရာတို့အဖွဲ့မှာ ဘာတွေလိုအပ်နေပါသလဲ။

RM – လက်ရှိမှာ ပစ္စည်းအလုံအလောက်မရှိတာပေါ့ဗျာ။ ပစ္စည်းဆိုတာက လက်နက်ခဲယမ်း မရှိတာပေါ့။

CJ – ဆရာတို့တပ်ပေါင်းစုဖွဲ့စည်းလာတဲ့တစ်လျှောက်မှာ ထိတွေ့တိုက်ပွဲတွေကြုံရမှာပေါ့နော်။ အဲဒီတော့ တိုက်ပွဲတွင်း လက်နက်မမျှတမှု ကြုံရလား။ ကြုံရရင် ဘယ်လိုမမျှတမှုမျိုးတွေရှိခဲ့လဲဆိုတာလေး ပြောပြပေးပါဦး။

RM – အထိအတွေ့တိုက်ပွဲပေါင်းများစွာရှိတယ်။ အင်အားမမျှတလို့ပြန်ဆုတ်လာရတဲ့အချိန်တွေလည်း ရှိတယ်။ အင်အားဆိုတာ ရဲဘော်အင်အားမဟုတ်ဘူးနော်။ လက်နက်အင်အား၊ ကျည်အင်အား မမျှတတာပေါ့။

CJ – ဆရာတို့ တပ်ပေါင်းစုအနေနဲ့ NUG ဘက်က ထောက်ပံ့မှုကိုရော လက်ခံရရှိခဲ့လား။ မထောက်ပံ့ဘူးလား။ ထောက်ပံ့ပေမယ့် နည်းနေတာလား။

RM – NUG လက်ရှိအထိ လက်နက်ကြီးတပ်ပေါင်းစုကို ထောက်ပံ့ပေးထားတာမရှိသေးပါဘူး။ ပြည်တွင်းပြည်ပရောက်ရှိနေတဲ့ မိဘပြည်သူတွေရဲ့ထောက်ပို့ပေးထားတာနဲ့ပဲ လှုပ်ရှားနေရတာပါ။ NUG ရဲ့ ထောက်ပံ့မှုတွေလိုအပ်ပါတယ်။

CJ – ပြည်သူတွေရဲ့ကူညီမှုအခြေအနေလည်းသိချင်ပါတယ်။ ယခင်ထက် လျော့နည်းလာသလား။

RM – ပြည်သူတွေရဲ့ ကူညီမှုအခြေအနေက အခုရက်ပိုင်းအတွင်းမှာ ပြည်တွင်းမှာ စကစရဲ့ မကောင်းကျင့်မကောင်းကြံတွေနဲ့ Kpay၊ Wave ၊ ရိက္ခာတွေအခက်အခဲဖြစ်အောင်လုပ်ထားတော့ အကုန်လုံးရပ်ဆိုင်းနေတော့ အခက်အခဲတွေဖြစ်ပါတယ်။ မိဘပြည်သူတွေရဲ့ ကူညီမှုတွေကလည်း လျော့နည်းနေပါတယ်။ အရာရာ အဆမတန် ကုန်စျေးနှုန်းမြင့်အောင် လုပ်ထားတော့လေ။

CJ – ပြီးတော့ တိုက်ပွဲတွေမှာ ဆုံးရှုံးမှုတွေရှိခဲ့ဖူးလား။

RM – တိုက်ပွဲအတွင်းမှာ လက်နက်ကြီးတပ်ပေါင်းစုရဲဘော်တွေ အထိအခိုက်တော့ရှိပါတယ်။ အကျအဆုံးတော့မရှိပါဘူး။ ကျွန်တော်တို့က ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမတွေကို အောင်မြင်စွာစမ်းသပ်ထုတ်လုပ်အသုံးပြုနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့က လက်လုပ်တွေဖြစ်တော့ ကျ‌နော်တို့အသုံးပြုတဲ့ ပြောင်းတွေက အသုံးပြုတာအကြိမ်ရေများလာတော့ သံဆိုပါးလာပြီး ကွဲထွက်တာမျိုး‌တွေဖြစ်တဲ့အတွက် ဆုံးရှုံးမှုတော့ရှိတာပေါ့။

CJ – ဆရာတို့အနေနဲ့ရော လက်နက်လိုအပ်ချက်များနေလား။ လက်နက်ခဲယမ်းဝယ်ယူရေးအပိုင်းမှာ အဆင်ပြေမှုရှိရဲ့လား။ ယခုလက်ရှိမှာ လိုအပ်ချက်က ဘာတွေရှိနေလဲ။

RM – လက်နက်ခဲယမ်းဝယ်မှုကလည်း မလွယ်ပါဘူး။ ပစ္စည်းရှိတော့လည်း ငွေကြေးမပြည့်စုံတော့ မဝယ်နိုင်ပါဘူး။ လက်ရှိ ယမ်းတစ်အိတ်ကို ၂၅ ကီလိုဂရန်ပါတယ်။ အဲဒီတစ်အိတ်ကို ၃ သိန်း ၆သောင်းလောက် ပေးရတယ်။ ပွဲတစ်ပွဲသွားရင် အဲဒီ ၂၅ ကီလိုဂရန်တစ်အိတ်နဲ့ မလောက်ပါဘူး။ ၂၅ ကီလိုဂရန် ၃ အိတ်လောက်ကုန်ပါတယ်။ ပြောင်းကတော့ လက်ရှိ ရှိတာအပြင် နောက်ထပ်လည်း မဝယ်နိုင်ပါဘူး။ သံတိုသံစဆိုင်ကနေ သံပိုက်အဟောင်းတွေ ဝယ်ယူသုံးနေရတယ်။ ပြီးတော့ အခုလက်ရှိသုံးနေတဲ့ ကျည်က နေတိုး ၅ ဒသမ ၅၆ ကျည် ၊ ၇ ဒသမ ၆၂ ကျည်၊ kar ကျည် အသုံးပြုပေမယ့် ကျွန်တော်တို့ရဲဘော်တွေကို လုံလောက်စွာ တပ်ဆင်မပေးနိုင်ပါဘူး။ တစ်ယောက်မှ အလွန်ဆုံး ၁၅ တောင့်၊ အတောင့် ၂၀ ပဲပေးနိုင်ပါတယ်။ အခုကျွန်တော်တို့တပ်ပေါင်းစုကိုင်နေတဲ့ လက်လုပ် AK47၊ လက်လုပ် m4 ၊လက်လုပ် ၅ ဒသမ ၇ ကာ အကုန်လုံးက လက်လုပ်အများဆုံးဖြစ်ပါတယ်။ လိုအပ်တာတော့ လုံလောက်စွာ လက်နက်ခဲယမ်း တပ်ဆင်ဖို့ဖြစ်ပါတယ်။

CJ – အဖွဲ့စည်းနဲ့ပတ်သက်ပြီး လတ်တလော ဘာတွေလုပ်ဆောင်ဖို့ရှိနေသေးလဲ။

RM- တပ်ပေါင်းစုကအစည်းအဝေးကိုတစ်လတစ်ခါ အရေးကြီးရင် ၁၅ ရက်တစ်ခါ ဆွေးနွေးတိုင်ပင်ကာ မစ်ရှင်တွေဖော်ဆောင်ပါတယ်။

CJ – ပြည်သူတွေထံ ပြောချင်တဲ့သတင်းစကားလေး ရှိရင်ပြောပေးပါ။

RM – ဟုတ်ကဲ့။ တော်လှန်ရေးကြီး ဘယ်တော့ပြီးမလဲ တွေးမနေကြပါနဲ့။ မေးမနေကြပါနဲ့။ ကိုယ်တိုင် ပါဝင်နိုင်တဲ့နေရာကနေ ပါဝင်ပေးကြဖို့နဲ့ ကျွန်တော်တို့ အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နေသော အဖွဲ့စည်းများကို ကူညီထောက်ပံ့ပေးကြဖို့လည်း ပြောကြားချင်ပါတယ်။
မိဘပြည်သူများအားလုံး ဂရုစိုက်ကြပါ။ ဘေးရန်ဒုက္ခများကင်းဝေးပါစေ။