မြန်မာနိုင်ငံ ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးရေကြီးပြီး သဘာဝဘေးအန္တရာယ်များကြုံတွေ့လာနိုင်ကြောင်း NUG အသိပေး

Published on Oct 10, 2023

မြန်မာနိုင်ငံ ဒေသအချို့တွင် အောက်တိုဘာလ ၉ ရက် မှ ၁၅ ရက်အတွင်း မုတ်သုံအဆုတ်မိုးကြောင့် နေရာကွက်၍ မိုးကြီးနိုင်ခြေရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်သည်။

ထိုသို့မိုးကြီးနိုင်သဖြင့် အဆိုပါဒေသများနှင့် မြစ်များအောက်ပိုင်းဒေသများတွင် ရေကြီး၊ မြေပြိုဘေး စသောသဘာဝဘေးအန္တရာယ်များကြုံတွေ့လာနိုင်သည့်အတွက် သတိပြုနေထိုင်ကြရန် NUG လူစာနာနှင့် ဘေးစီမံဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်သည်။

ထို့ပြင် အောက်တိုဘာ ၉ မှ အောက်တိုဘာ ၁၅ ရက်အထိ တစ်ပတ်အတွင်း မိုးလေဝသအခြေအနေမှာ မုတ်သုံအဆုတ်မိုးသည် ဒုတိယရေကြီးကာလဖြစ်စဉ်ကို မြန်မာနိုင်ငံမြစ်ကြီး/မြစ်ငယ်အသီးသီးတွင် ပြန်လည်ကြုံတွေ့ရမည့်ကာလဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

ထူးခြားချက်အနေဖြင့် ယခုလာမည့်ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေပွေလှိုင်း တစ်ခုဖြစ်ပေါ်လာနိုင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ယင်းလေဖိအားနည်းရပ်၀န်းသည် သိသိသာသာအားမကောင်းသော်လည်း အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လေဖိအားနည်းမြှောင်တန်းအဖြစ် ပြောင်းလဲရောက်ရှိသွားနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုထားသည်။

ယင်းဖြစ်စဉ်နှင့်ဆက်စပ်လျက် မြန်မာနိုင်ငံမြောက်ပိုင်းမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုကို ဖြစ်ပေါ်လာစေနိုင်ကြောင်း NUG ၏ ဝန်ကြီးဌာနက ဆိုသည်။

ယခုနှစ်မုတ်သုံလေသည် မြန်မာနိုင်ငံ မြောက်ပိုင်း‌ဒေသများမှ အောက်တိုဘာ ၁၆ ရက်၊ အလယ်ပိုင်းဒေသများမှ အောက်တိုဘာ ၁၈ ရက်၊ မြစ်ဝကျွန်ူပေါ်ဒေသများမှ အောက်တိုဘာ ၂၀ ရက်နှင့် မြန်မာနိုင်ငံအောက်ပိုင်း(တပြည်လုံး)မှ အောက်တိုဘာ ၂၂ ရက်တွင် ဆုတ်ခွာသွားနိုင်ကြောင်း NUG ၏ ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။