ရေဦးမြို့နယ်၊ ပန်းကုန်းရွာမှ စပါးစိုက်တောင်သူ ရဲ့ တီးတိုးသံ

Author မင်းထက်
Categories
Published on Oct 08, 2023

လယ်ယာမြေက ၅ ဧကရှိတယ် ဒီနှစ်ထဲလည်း ၅ဧကလုံး စိုက်ပျိုးထားတယ်။ ခုက ရိတ်သိမ်းဖို့အချိန်ကတော့ မရောက်သေးဘူး။ ဒီချိန်ကလည်း သက်နုလောက်ပဲ ထွက်သေးတာလေ။ ရွှေဘိုပေါ်ဆန်းနဲ့ ဧရာမင်းတို့က မထွက်သေးဘူး။ ခုမှ စိုက်ပျိုးပြီးတာလည်း ၂ လပဲရှိသေးတာဆိုတော့လေ။ ခု ဦလေးတို့လယ်ထဲမှာလည်း ရွှေဘိုပေါ်ဆန်းနဲ့ ဘေးကြားပဲ စိုက်ပျိုးထားတာဆိုတော့လေ။ ရိတ်သိမ်းဖို့ ကာလကတော့လိုသေးတာပေါ့။ ရိတ်သိမ်းတာကလည်း စိုက်ပြီးလေးလဆိုတော့ နောက် ၂ လကျော်လောက်ဆို ရိတ်သိမ်းရမယ်။

ဒီနှစ်စိုက်ပျိုးရတာက ရေ၀င်ရေဖြတ်တာတွေရှိတာ။ အထွက်နှုန်းနည်းနည်း ပါးပါးလျော့မယ်ထင်တယ်။ ပျက်ဆီးဆုံးရှုံးလောက်ထိတော့ မဖြစ်ခဲ့ဘူး။ အများကြီးလည်း မဟုတ်တော့လေ။

စိုက်ပျိုးမှုအပေါ် ကုန်ကျစရိတ်ကတော့ ဒီနှစ် ပိုးမကျရောက်နိုင်အောင်ဆေးကလည်း ပိုပြီးများများသုံးကြရတော့ ကုန်ကျစရိတ်ကပိုတာပေါ့။ မြေဆီကလည်း တစ်အိတ်ကို တစ်သိန်း ပတ်ချာလည်ကနေ တစ်သိန်းခွဲထိရှိတယ်ဆိုတော့ စိုက်စရိတ်ပျိုးစရိတ်ရယ်၊ ဆေးအသုံးစရိတ်ရယ်၊ မြေဆီရယ်ဆို တစ်ဧကကို ပျမ်းမျှ ၇ သိန်းအထက်မှာရှိတယ်။ ဒါက ရိတ်သိမ်းချိန်မှာသုံးရမဲ့စရိတ်တွေမပါသေးဘူး။

ဒီနှစ် ဆန်စပါးအသင်းက သတ်မှတ်စျေးနှုန်းက ရွှေဘိုပေါ်ဆန်းဆို တင်း ၁၀၀ ကို ၁၈ သိန်း ကနေ သိန်း၂၀။ ဧရာအတွက်က ၁၆ ကနေ ၁၈ ထိလောက်ပဲ သတ်မှတ်ထားတယ်။ ဒီစျေးနှုန်းအတိုင်းသာ စပါးပေါ်ချိန်ရောင်းရမယ်ဆို တောင်သူတွေအတွက် လုံး၀ကိုအကျိုးမရှိဘူး။ အရမ်းကာမိတဲ့အနေအထားကိုမရှိနေဘူးလေ။ ရိတ်သိမ်းတဲ့အချိန်ကျမှပဲ ဒါကပိုတိတိကျကျပြောနိုင်မှာပေမယ့် ခုအခြေနေတွေအတိုင်းဆိုရင်တော့ လုံးဝကိုက်ညီတဲ့ အနေအထားမရှိပါဘူး။

လိုအပ်ချက်နဲ့ အခက်အခဲကတော့ သိပ်မရှိပါဘူး။ ကျွန်တော်တို့ဘက်ကတော့စိုက်ပျိုးစရိတ်တွေ၊ မြေဆီဆေးဖိုးနဲ့ အလုပ်သမားစရိတ်တွေစျေးကြီးတော့ တ၀က်လောက်က ကျဲကြတယ်။ တ၀က်လောက်က ပျိုးထောင် စိုက်ကြတယ်။ ပြီးတော့ ရေကြီးတော့ တချို့အနည်းငယ် ပျက်ဆီးတာတွေရှိတာလောက်ပါပဲဗျ။