အသစ်စက်စက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နားဂျက် မိုဟာမက်ဒီဆိုတာ ဘယ်သူလဲ?

Author အဂ္ဂ
Categories
Published on Oct 08, 2023

၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် မနေ့က ကြေညာခဲ့ရာမှာ နားဂျက်စ် မိုဟာမက်ဒီ (Narges Mohammadi)ဆိုတဲ့ အီရန်နိုင်ငံက အမျိုးသမီးတစ်ဦးရရှိခဲ့ပါတယ်။

မိုဟာမက်ဒီ(Mohammadi)ဟာ အီရန်နိုင်ငံမှာ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖြစ် ထင်ပေါ်ကျော်စောသူတစ်ယောက်ဖြစ်ပါတယ်။

နိုဘယ်ဆု ဘာလို့ရ

နိုဘယ်ဆုကော်မတီရဲ့ အကြီးအကဲက သူမကို “လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူ” လို့ ဂုဏ်ပြုသုံးနှုန်းခေါ်ဆိုကာ နိုင်ငံအတွင်း အမျိုးသမီးတွေ ဖိနှိပ်ခံနေရမှုကို ခုခံတွန်းလှန်ခဲ့တဲ့အတွက် ယခုလို ဆုချီးမြှင့်ရတာဖြစ်တယ်လို့ပြောပါတယ်။

သူမဟာ ကမ္ဘာပေါ်က သေဒဏ်ပေးမှုအမြင့်မားဆုံးနိုင်ငံ စာရင်းမှာပါဝင်တဲ့ အီရန်နိုင်ငံရဲ့ သေဒဏ်ချမှတ်မှု ဖျက်သိမ်းရေးအတွက်လည်း မနားမနေ စည်းရုံးလှုံ့ဆော်တိုက်ပွဲဝင်နေသူတစ်‌ဦးပါ။

၂၀၁၀ ခုနှစ်မှ စတင်ကာ မကြာခဏဆိုသလို ဖမ်းဆီး ထိန်းသိမ်းခံနေရသော မစ္စ မိုဟာမက်ဒီ(Ms. Mohammadi)ဟာ အကျဉ်းထောင်အတွင်းကပဲ မတရားမှုများ၊ နှိပ်စက်ညှင်းပန်းမှုများကို လူသိရှင်ကြား ထုတ်ပြန်နိုင်အောင်လည်း ကြိုးပမ်းနိုင်ခဲ့ပါတယ်။

Brand New နိုဘယ်ဆုရှင်ဟာ ဘယ်လိုလူမျိုးလဲ။

အသက် ၅၁ နှစ်အရွယ် မစ္စ မိုဟာမက်ဒီသည် (Ms. Mohammadi) သည် (၁၃) ကြိမ်တိတိအဖမ်းခံခဲ့ရကာ (၅) ကြိမ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

လက်ရှိ‌ အီရန်အစိုးရက ထောင်ဒဏ် (၃၁) နှစ် ချထားခံရသူပါ။ သူမကို “ဝါဒဖြန့်တယ်” ဆိုတဲ့စွဲချက်နဲ့ ထောင်သွင်းအကျဉ်းကျခံနေရတာလည်းဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တာဂီ ရာမန်နီ (Taghi Rahmani)ဟာလည်း ပြည်နှင်ဒဏ်ချခံထားရပြီး လက်ရှိ သူတိုရဲ့ ကလေးနှစ်ဦးနဲ့အတူ ပဲရစ်မြို့မှာ နေထိုင်နေပါတယ်။ သူတို့မိသားစု အချင်းချင်းမဆုံ‌တွေ့ရတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပါတယ်။

မစ္စတာ ရာမန်နီ(Mr. Rahmani)က သူ့ရဲ့ ဇနီးဆုရခဲ့တဲ့အပေါ် “ဒီဆုဟာ အီရန်နိုင်ငံမှာဖြစ်ခဲ့တဲ့၊ လက်ရှိမှာလည်းဖြစ်နေသေးတဲ့ ကြီးမားတဲ့လှုပ်ရှားမှုဖြစ်တဲ့ အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု ‘Woman, Life, Freedom,'(ဆန္ဒပြပွဲတွင် သပိတ်မှောက်သူများသုံးခဲ့သည့် ဆောင်ပုဒ်)အားလုံးနဲ့သက်ဆိုင်ပါတယ်။ သူကတော့ ဒီဆုရရှိခဲ့တဲ့သူအားလုံးရဲ့ ကိုယ်စားလှယ်တစ်ယောက်ပဲဖြစ်ပါတယ်။ ခုလိုဆုရတဲ့အတွက်လည်း ကျနော်တို့ အလွန်ပျော်ရွှင်ရပါတယ်” ဟု BBC Persian(ယခုလက်ရှိ အီရန်နိုင်ငံ)သို့ ပြောသည်။

နိုဘယ်ဆုကော်မတီအကြီးအကဲကလည်း မစ္စ မိုဟာမက်ဒီ (Ms. Mohammadi)ကို ဆုချီးမြှင့်ရခြင်းမှာ အမျိုးသမီးများအပေါ် စနစ်တကျ ခွဲခြားဆက်ဆံခြင်းနဲ့ ဖိနှိပ်ချုပ်ချုပ်ခြင်းတို့ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်လို့ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပေမယ့်လည်း မစ္စ မိုဟာမက်ဒီ (Ms. Mohammadi)ဟာ ရေငုံနှုတ်ဆိတ်နေခြင်း အလျဉ်းမရှိခဲ့ပါဘူး။

မနှစ်က တီဟီရန်(Tehran)မြို့ရှိ အဲဗင်‌ထောင်(Evin Prison)အတွင်းကနေပြီး BBC သတင်းဌာနကို စာရေးသားပြီး သတင်းလှန်းပေးခဲ့ပါသေးတယ်။

အဲဒီစာထဲမှာ အဲဒီအချိန်က ‌နိုင်ငံတစ်ဝန်းပျံ့နှံ့နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ‌တွေထဲ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးတွေကို မည်သို့မည်ပုံလိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှုပြုခဲ့တယ်ဆိုတာတွေကို အသေးစိတ်ရေးသားထားခဲ့တာပါ။

၂၀၂၂ ခုနှစ် စက်တင်ဘာလထဲ အသက် (၂၂) နှစ်အရွယ်သာရှိခဲ့တဲ့ မာဆာ အာမီနီ (Mahaa Amini)ဟာ တင်းကြပ်ပြင်းထန်သော ဝတ်စားဆင်ယူမှုဆိုင်ရာ ထုံးစံများကို ချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့ရာမှစ၍ အီရန်မှာ အကြီးမားဆုံးလူထုအုံကြွမှုကြီးဖြစ်ခဲ့တာပါ။

White Torture စာအုပ်

မစ္စ မိုဟာမက်ဒီ(Ms. Mohammadi)ဟာ သူမကိုယ်တိုင်နဲ့ အခြား အမျိုးသမီးအကျဉ်းသူ (၁၂)ဦးရဲ့ တစ်ဦးတည်းသီးခြားတိုက်ပိတ်ပြစ်ဒဏ်ခံရတဲ့ အတွေ့အကြုံများကို မေးမြန်းကာမှတ်တမ်းတင်ထားတဲ့ “White Torture” အမည်ရှိ စာအုပ်ကိုလည်းရေးသားခဲ့ပါသေးတယ်။

(ဖမ်းဆီးထားသူများကို အာရုံခံစားမှုကင်းမဲ့လာစေရန်နှင့် အထီးကျန်ခြင်းကိုဖြစ်ပေါ်လာစေသည့် စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုလုပ်ဆောင်လေ့ရှိသော ဆေးဖြူသုတ်ထားသည့်အခန်းကို White Torture ဟုခေါ်လေ့ရှိသည်။)

“ဒါဟာ တကယ့်ကိုရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ အပြစ်ပေးခြင်းမျိုးဖြစ်တယ်လို့ ကျွန်မ ထပ်ပြီးကြေညာချင်ပါတယ်။ ဒီလို ပြစ်ဒဏ်ကို မပယ်ဖျက်မခြင်း ကျွန်မရပ်တန့်သွားမှာမဟုတ်ပါဘူး” လို့ သူမက ရေးသားခဲ့ပါတယ်။

မစ္စ မိုဟာမက်ဒီ ယခုလို ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့တာဟာ အခြားသော အီရန်နိုင်ငံသူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရှီရင် အဘ်ဘာဒီ (Shirin Ebadi) ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ပြီး နှစ်ပေါင်း (၂၀) ကျော်ကြာပြီးမှ ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိမှာ မစ္စ မိုဟာမက်ဒီဟာ မစ္စ အဘ်ဘာဒီ (Ms.Ebadi) စတင်ထူထောင်ခဲ့သော အီရန်နိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်သူများစင်တာ(Defender of Human Right Center)ရဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတာပါ။

မစ္စ မိုဟာမာဒီဟာ ယခုနှစ်‌တွေအတွင်း လူ့အခွင့်အရေးဆုများ အများအပြားကိုရရှိထားပြီး ယခုလို ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံး ငြိမ်းချမ်းရေးဆုချီးမြင့်ခံခဲ့ရကာ နိုင်ငံတကာမှ ထပ်ဆင့်အသိအမှတ်ပြုမှုရခဲ့ခြင်းကိုမူ အီရန်နိုင်ငံက ဝမ်းပန်းတသာ ရှိလိမ့်မည်မဟုတ်ပေ။